နိုင်ငံတော်က ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရထားလမ်း၊ ကားလမ်းနှင့်အတူ တံတားကြီး တံတားငယ်များကို ကွန်ရက်သဖွယ် တိုးချဲ့ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိသည်။
နိုင်ငံတစ်ဝန်း ရထားလမ်းသစ်များ ဖောက်လုပ်ပေးခဲ့ရာ ပြည်-အောင်လံ-တောင်တွင်းကြီးကို ဆက်စပ်ပြီး ရန်ကုန်မြို့မှပုဂံ-ညောင်ဦး-မြင်းခြံ-မန္တလေးအထိလည်းကောင်း၊ ရှမ်းရိုးမတောင်တန်းကို ဖြတ်ကျော်ပြီး ရွှေညောင်- တောင်ကြီး နမ့်စန်အထိ လည်းကောင်း၊ ပုံတောင်ပုံညာ တောင်တန်းကိုဖြတ်၍ ပခုက္ကူ-ကျောမှတစ်ဆင့် ဂန့်ဂေါ-ကလေးအထိလည်းကောင်း ရထားဖြင့်သွားလာနိုင်ကြပြီဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်း၏ ဆက်စပ်ရန်ရှိနေသည့် နေပြည်တော်ပျဉ်းမနား-မြို့ဟောင်းအပိုင်း ဒွေးလမ်း ၁၇၅မိုင်ကျော်ကို အပြီးသတ်နှစ်လမ်းသွားဒွေးလမ်းအဖြစ် ဆက်စပ်ဖောက်လုပ်ပေးခဲ့ပြီးဖြစ်သည်။
ခေတ်အဆက်ဆက် ကြံစည်စိတ်ကူးဖြင့်သာ နှစ်သိမ့်ခဲ့ရသည့် ရန်ကုန်-မန္တလေးဒွေးလမ်း ရထားလမ်းမကြီးသည် နိုင်ငံတော်အစိုးရ ပြည်သူနှင့် တပ်မတော်တို့၏ ပေါင်းစည်းညီညွတ်မှုစွမ်းအားကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ ရထားစီး၍ ခရီးဆန့်နိုင်ကြပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း ရထားလမ်းများ တိုးချဲ့ ဖောက်လုပ်လျက်ရှိရာ အရှည် ၉၅မိုင်ရှိ ကသာ-ဗန်းမော်ရထားလမ်း၊ မန္တလေးအထိ တောက်လျှောက်သွား လာနိုင်သည့် အရှည် ၃၂၂မိုင်ရှိ ကြံခင်း-ပခုက္ကူရထားလမ်းသစ်များ မကြာမီ ပေါ်ထွန်းလာတော့မည်ဖြစ်သည်။
ဤကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် နိုင်ငံတော်ပိုင်းက ရထားလမ်းနှင့် ကားလမ်းပေါ်အ၀င် တံတားကြီးများကို တိုးချဲ့ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု တစ်ဝန်းပိုမို ဖွံ့ဖြိုး စည်ပင်တိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။ ။

No comments:
Post a Comment