Tuesday, July 29, 2008

ဧရာဝတီတိုင်းလေဘေးဒဏ်ခံရသော ဘုန်းတော်ကြီးကျောင်းများသို့ ၀တ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရေး ညှိနှိုင်းအစည်းအဝေး




ဧရာဝတီတိုင်း သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဆရာတော်ကြီးမှူး၍ ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်ခံရသော မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ၀တ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးပို့ ဆက်ကပ်လှူဒါန်းရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက်က ပုသိမ်မြို့ သာသနာ့ဗိမာန်ဝင်း အတွင်းရှိ တိုင်းသံဃနာယကအဖွဲ့ရုံး၌ ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ (သုဓမ္မာ) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသ (ကုန်းသာ) အမှူးပြုသော ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယက အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာတော်ကြီးများ၊ ပုသိမ်မြို့နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)မှ ဆရာတော်များ ကြွရောက်တော်မူကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းသံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဥက္ကဌနှင့် အဖွဲ့ဝင် ဆရာတော်ကြီးများက သြ၀ါဒကထာ ချီးမြှင့်တော်မူကြပြီး ဧရာဝတီတိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦးက ဧရာဝတီတိုင်းအတွင်း ပေးပို့လှူဒါန်း ထားရှိသော လှူဖွယ်ဝတ္ထုငွေ လက်ခံရရှိမှု အခြေအနေအား လျှောက်ထားတင်ပြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက လေဘေးဒဏ်ခံရသော တိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ဘုန်းတော်ကြီးကျောင်းများသို့ န၀ကမ္မ၀တ္ထုငွေ ပေးပို့ ဆက်ကပ်လှူဒါန်းရေး အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးတော်မူကြပြီး ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယကအဖွဲ့ကိုယ်စား ဧရာဝတီတိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားမှူး ဦးဇော်ဇော်ဦးက သက်ဆိုင်ရာ မြို့နယ် သံဃနာယကအဖွဲ့များသို့ န၀ကမ္မ၀တ္ထုငွေများအား ဆက်ကပ်လှူဒါန်းသည်။
ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်ခံရသော မြို့နယ်များသို့ ဒုတိယအကြိမ်လှူဒါန်းမှုမှာ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ (သာသနတက္ကသီလ မဟာဓမ္မာစရိယ၊ M.A) မှ လှူဒါန်းငွေကျပ် သိန်း ၁၀၀၊ မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် မြိတ်နှင့် ပလောမြို့နယ် သံဃာတော်များမှ လှူဒါန်းငွေ ကျပ် ၅၂၆၀၀၀၀ နှင့် အခြားအလှူရှင်များမှ လှူဒါန်းငွေကျပ် ၁၇၀၄၀၀၀ ဖြစ်၍ စုစုပေါင်း ငွေကျပ် ၁၆၉၆၄၀၀၀ ဖြစ်ကာ တိုင်းအတွင်းရှိ လေဘေးဒဏ်ခံရသော မြို့နယ်ခုနစ်မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဒုတိယအကြိမ်အဖြစ် အချိုးကျ ခွဲဝေလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရသည်။

No comments: