Tuesday, July 1, 2008

မုန်တိုင်းသင့်သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရေး သြ၀ါဒခံယူပွဲကျင်းပ


ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်ခံခဲ့ရသော ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများအား ပြန်လည်ပြုပြင်ရေးအတွက် သြ၀ါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ရန်ကုန်တိုင်း တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ ဆံတော်ကြိုစေတီတော် ပရိဝုဏ်အတွင်းရှိ အာရုံခံတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နမေတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကျိုက်ထီးဆောင်းမှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာဂိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ညောင်တုန်းဆရာတော် ဘဒ္ဒန္တသြသဓာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ ဒွိပိဋကကောဝိဒ နာဂလိုဏ်ဂူ ကလေးဝ တောရဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသတို့က သြ၀ါဒစကား မြွက်ကြားကြသည်။ ယင်းနောက် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သူရမြင့်မောင်၊ အားကစားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်၊ အလှူရှင် ဒေါက်တာခင်ရွှေ (ဇေကမ္ဘာ)မိသားစုတို့မှ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေတာဝန်ခံ အားကစားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်က တွံတေးမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား သင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး အလှူရှင် ဒေါက်တာခင်ရွှေ(ဇေကမ္ဘာ)က ဘုရားစေတီပုထိုးများ၊ သာသနိက အဆောက်အအုံများအား ပြန်လည်ပြုပြင်ရေးနှင့် စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်။ ထို့နောက် ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပညာဒီပထံမှ ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာ တရားနာယူကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments: