မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခဲ့ပြီးနောက် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံနှင့်အတူ စေတနာရှင်ပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်း၍ ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးနှင့် မူရင်းဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေး စသည့်လုပ်ငန်းများကို အချိန်တိုအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။
လေဘေးဒဏ်ခံရ၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူများအား အခိုင်အမာနေအိမ်များ ဆက်လက်တည်ဆောက် ပေးရန် လိုအပ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက်လည်း ၀ိုင်းဝန်း ဖော်ဆောင်ပေးကြရမည်ဖြစ်သည်။
ယခုအခါ လေဘေးဒဏ်ကြောင့် အဆိုးရွားဆုံးပျက်စီးသွားသော ဒေသများ၌ နိုင်ငံတော်၏ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လူနေအိမ်အဆောက်အအုံများ ဆောက်လုပ်နေကြပြီဖြစ်သည်။ အိမ်ရာပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလနေထိုင်ခဲ့သော နေအိမ်များထက် ပိုမိုကောင်းမွန်သည့် အနံ ၁၆ပေ၊ အလျားပေ ၂၀ အကျယ်ရှိ အုတ်ဖိနပ်ခံ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ အခိုင်အမာ နေအိမ်များဆောက်လုပ်ပေးရန် စီစဉ်ထားသည်။
လေဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းပမာဏမှာ ကြီးမားကျယ်ပြန့်လှသည့်အတွက် နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှုရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ခြင်းဖြင့် အဆိုပါနေအိမ်များ အမြန်ဆုံး တည်ဆောက်လာနိုင်မည် ဖြစ်သည်။
ပထမအဆင့်အနေဖြင့် နေအိမ်အလုံးပေါင်း ၆၀၀၀ကျော် တည်ဆောက်သွားမည်ဖြစ်ရာ စေတနာရှင် ပြည်သူများ၏ ဒါနစွမ်းအားဖြင့် ပါဝင်ကူညီနိုင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို နိုင်ငံတော်က သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်သည်။
လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအဆင့်အလိုက် ထူထောင် ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိရာ နိုင်ငံတော်နှင့်အတူ စေတနာရှင် ပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်း ရှင်များက ကရုဏာနှင့်သဒ္ဓါတရား အပြည့်အ၀ထားရှိပြီး ဆက်လက်ဝိုင်းဝန်းကူညီ စောင့်ရှောက်ခြင်းဖြင့် ခိုင်ခံ့သော နေအိမ်များ အမြန်တည်ဆောက်ပြီးစီးလာမည်သာမက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးကိုပါ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment