စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ အောင်ဆန်းသူရိယလှသောင်း ဘောလုံးကွင်းရှိ ပြန်လည်ထူထောင်ရေး ဗဟိုကွပ်ကဲရေးစခန်း၌ ကျင်းပသော လေဘေးသင့်ပြည်သူများအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ အခြေစိုက် SBM OFFSHORE ကုမ္ပဏီမှ လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်အားပေးသည်။
ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဆူးကလပ်ကျေးရွာအုပ်စုရှိ ဝေနေယျသုခကျောင်းတိုက်၌ ဆူးကလပ်ကျေးရွာအုပ်စု အတွင်းရှိ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် ၀န်ကြီးသည် အဆိုပါကျောင်း၌ ကျင်းပသော ဆူးကလပ်ကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်မှ ကျေးရွာပေါင်း ခြောက်ရွာရှိ လေဘေးသင့် အိမ်ထောင်စု ၄၇၇ စုတို့အား အလှူရှင်များ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အ၀တ်အထည်၊ အစားအသောက်များ၊ ဆေးမျိုးစုံနှင့် အိမ်သုံးပစ္စည်းများ၊ အေးရှားဝေါလ်ကုမ္ပဏီမှ လှူဒါန်းသည့် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်အားပေးပြီး လေဘေးသင့် ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားကာ ကျေးရွာ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ၀န်ကြီးသည် ကွမ်းခြံကုန်းမြို့ မြို့နယ်စည်ပင်သာယာရေးရုံး ရှင်းလင်းဆောင်၌ အမှုဆောင်အရာရှိ ဦးသန့်စင်ဦးက မြို့သန့်ရှင်းသပ်ရပ်သာယာလှပရေးနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေများကို ရှင်းလင်းတင်ပြရာ ၀န်ကြီးက ပြည်သူများ သန့်ရှင်းသော ရေကောင်းရေသန့်ရရှိရေး အထူးဂရုစိုက်ရန် မှာကြားသည်။
ထို့နောက် ၀န်ကြီးသည် မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေပိုက်လိုင်းများ ပုံမှန်စစ်ဆေးရေးနှင့် ရပ်ကွက်အလိုက် စနစ်တကျ အချိန်မှန် ဖြန့်ဖြူးပေးရန်တို့ကို မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment