သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းအောင်သည် ဇူလိုင် ၂၈ရက်တွင် ဘိုကလေးမြို့နယ်စက်ဆန်းကျေးရွာသို့ ရောက်ရှိပြီး လေဘေးသင့်ပြည်သူများအတွက် ငါးဖမ်းစက်လှေနှင့် ငါးဖမ်းပိုက်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ငါးဖမ်းစက်လှေနှင့် ငါးဖမ်းပိုက်များ ပေးအပ်လှူဒါန်းရာ ရေလုပ်သားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ဝန်ကြီးသည် လှူဒါန်းသည့် စက်တပ်လှေများကို ကြည့်ရှုစစ်ဆေးပြီး ရေလုပ်သားများအား အားပေးစကားပြောကြားသည်။
ထို့နောက် ဝန်ကြီးသည် စက်ဆန်းအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ယာယီစာသင်ဆောင်များ ဆောက်လုပ်ပြီးစီးမှု၊ ကလေးများစာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဝန်ကြီးသည် စက်ဆန်းကျေးရွာအတွင်း လေဘေးသင့်ပြည်သူများအတွက် လူနေအိမ် ၁၀၈လုံး ဆောက်လုပ်ပြီးစီးသဖြင့် မိသားစုများပြောင်းရွှေ့နေထိုင်မှု၊ ကျေးရွာအတွက် စာကြည့်တိုက်ဆောက်လုပ်ပြီး စာအုပ်များဖြည့်ဆည်းထားရှိမှု၊ ကျေးရွာအတွင်း အိမ်ဆိုင်ဖွင့်လှစ်ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး စက်ဆန်းကျေးရွာအတွင်း ရွာလယ်လမ်းမကြီး ပြုပြင်ထားမှု၊ ကျေးရွာသန်ကရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်ဝန်ကြီးသည် ကြိမ်ချောင်းကြီးကျေးရွာသို့ရောက်ရှိပြီး လေဘေးသင့်ပြည်သူများအတွက် လူနေအိမ် ၁၂၀ဆောက်လုပ်ပြီးစီးသဖြင့် မိသားစုများပြောင်းရွှေ့နေထိုင်မှု၊ ရှေ့တန်းကျန်းမာရေးစခန်း ဖွင့်လှစ်ထားရှိမှု၊ တိလောကမာရဇိန်စေတီတော် ပြုပြင်၊ ထီးတော်တင်လှူထားမှု၊ နဂါးရုံဘုရားတည်ထားမှု၊ စာကြည့်တိုက် ဖွင့်လှစ်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ကြိမ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းများ၌ စာပေသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေး၍ ကလေးငယ်များအတွက် ထောက်ပံ့ငွေပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးသည်မြင်းကကုန်းကျေးရွာသို့ ရောက်ရှိပြီးကျေးရွာ ဆေးပေးခန်းသို့ ထူးထရေးဒင်း ကုမ္ပဏီမှ ဆေးဝါးများ လှူဒါန်းမှုနှင့် ကျေးရွာဆေးခန်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးရွာပတ်ဝန်းကျင်တစ်လျှောက် လယ်စိုက်ပျိုးပြီးစီးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါမြင်းကကုန်းကျေးရွာအုပ်စုတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် သြဂုတ်လလယ်ပိုင်းတွင် ထွန်တုံးပိတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment