နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည် မန္တလေးတိုင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးခဲ့ရာတွင် မန္တလေးတော်ဝင် စက်မှုလက်မှုကုမ္ပဏီ စက်ရုံသို့ အောက်တိုဘာ၎ရက်က ရောက်ရှိခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ကုမ္ပဏီစက်ရုံအတွင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး စက်ပစ္စည်းများထုတ်လုပ်ရာတွင် အမြတ်ရရှိရေးကိုအဓိကမထားဘဲ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေးကို စီမံဆောင်ရွက်ထားရန် ၊ အရည်အသွေးကောင်းသော စက်ပစ္စည်းများ သုံးစွဲနိုင်ရေးကို စီမံဆောင်ရွက်ထားရန် ၊ အရည်အသွေးကောင်းသော ပစ္စည်းများ ထုတ်လုပ်ရန် ၊ စက်ပစ္စည်းများ အရည်အသွေးမြင့်မားသည်ထက် မြင့်မားအောင် အစဉ်လေ့လာတည်ထွင်ရန်နှင့် တောင်သူလယ်သမားများအတွက် အထောက်အကူပြုစက်ပစ္စည်းများ အဓိကထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့၌ပင် ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဇီဝဓာတ်ငွေ့ သုတေသနအဖွဲ့က စီမံဆောင်ရွက်လျက်ရှိသော ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရုံသို့ ရောက်ရှိခဲ့သည်။
ယင်းဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရုံးတွင် ကျေးရွာများ၌ အိမ်ထောင်စုအလိုက် မီးထွန်းရန်၊ ထမင်း၊ဟင်းချက်ရန်နှင့် လယ်ယာမြေများ၌ မြေသြဇာအဖြစ် အသုံးပြုရန် သုတေသနပြု စမ်းသပ်ထားသည့် ဇီဝဓာတ်ငွေ့နှင့် ဇီဝသဘာဝမြေသြဇာ ထုတ်လုပ်မှုတို့ကို ပြုလုပ်လျက်ရှိပြီး ဇီဝဒာတ်ငွေ့ဖြင့် ကျေးလက်ဒေသမီးလင်းရေး ဆောင်ရွက်လျက်ရှိသည်။
ကျွဲ နွားတို့၏ စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိသောဇီဝဓာတ်ငွေ့ဖြင့် အောက်လင်းဓာတ်မီးနှင့် မီးဖိုများ အသုံးပြုနိုင်သည့်အကျိုးကျေးဇူးများကို သိရှိစေပြီး ကျေးရွာများတွင် မိသားစုသုံး ဓာတ်ငွေ့ကန်များ နမူနာတည်ဆောက်ရန် ၊ မိသားစုသုံးဓာတ်ငွေ့ကန်များ တည်ဆောက်အသုံးပြုနိုင်ရေး အတွက် ဆင့်ပွားပညာပေးသင်တန်းများ စီစဉ်ဆောင်ရွက်ရန်နှင့် မိသားစုအလိုက် ကျွဲနွားခြောက်ကောင်မှ ၁၀ကောင်အတွင်း မွေးမြူခြင်းဖြင့် ဇီဝဓာတ်ငွေ့အသုံးပြုနိုင်သည်ကို ကျေးလက်ဒေသနေပြည်သူများ သိရှိနိုင်ရန် စည်းရုံးဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ထုတ်လုပ်သည့် ရွှေဇီဝသဘာဝမြေသြဇာကို သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုပါက ငွေကုန်သက်သာပြီး သီးနှံအထွက်တိုးမည် ဖြစ်ပေသည်။ ရွှေဇီဝသဘာဝမြေသြဇာ၏ အကျိုးသက်ရောက်မှုကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ပေသည်။
သို့ဖြစ်ပေရာ ကျွဲနွားတို့၏ စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိသော ဇီဝဓာတ်ငွေ့အသုံးချမှု၊ ဇ်ီဝအရည်ဖြင့် စိုက်ပျိုးရေးတွင် အသုံးပြုခြင်းတို့သည် မိသားစုတစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သောလုပ်ငန်းဖြစ်၍ တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်ဒေသပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုကပ်ရပါသည်။

No comments:
Post a Comment