နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "ရဲတပ်ဖွဲ့ကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံနှင့် လျော်ညီသော အတွေးအခေါ်အယူအဆပုံသဏ္ဍန် အနှစ်သာရများနှင့်ပြည့်စုံသည့် ရဲတပ်ဖွဲ့ကြီးဖြစ်ရေး ဆောင်ရွက်ရန်၊ အတွေးအခေါ်ပိုင်းတွင် နိုင်ငံတော်နှင့် မိမိလူမျိုးအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို အခြေခံရန် ၊ အခြေခံအားဖြင့် အနှစ်သာရပိုင်းတွင်ခံယူချက် ၊ ယုံကြည်ချက်သည် အရေးကြီးပြီး ရဲတပ်ဖွဲ့သည် အလုပ်နှင့်စနစ်ကို က်ညီမှုရှိအောင် ဖော်ဆောင်ကြပါရန် " လမ်းညွှန်မှုပြုခဲ့သည်။
၁၉၉၄ခုနှစ် ဇန်န၀ါရီ ၂၈ရက်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကော်မတီကို ကော်မတီဝင်၁၆ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ရဲတပ်ဖွဲ့ကို အသွင်သဏ္ဍန်နှင့် အနှစ်သာရပါ ပြောင်းလဲတိုးတက်လာရန် ရည်မှန်းချက်ချမှတ်၍ အကောင်အထည်ဖော်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူအများ ယုံကြည်လေးစားအားကိုးသည့် အဖွဲ့အစည်းကြီးဖြစ်လာစေရန်နှင့် ပိုမိုသွက်လက် ထက်မြက်လာစေရန် အဘက်ဘက်က ဖြည့်ဆည်းပြုပြင်ပေးခဲ့သည်။
ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်ဖြစ်သော နိုင်ငံတော်လုံခြုံရေး တာဝန်ကိုပါ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ပြည်သူက ယုံကြည်အားကိုးလာသည်နှင့်အမျှ စောင့်ထိန်းရမည့် ကျင့်ဝတ်သည် ပိုမိုလေးနက်လာသည်။
ရဲတပ်ဖွဲ့ဝင်များသည် စာရိတ္တဖြောင့်မတ်ရမည် ၊ စိတ်ထားဖြူစင်ရမည် ၊ လုပ်ရပ်မှန်ရမည် ၊ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသည့် သူများဖြစ်၍ ဥပဒေ ဘက်တော်သားပီပီ သစ္စာရှိမှု ၊ တာဝန်စောင့်သိမှု ၊ စည်းလုံးညီညွတ်မှုများ အစဉ်သတိပြု ထိန်းသိမ်းနေရမည်ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူတို့အား ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပြီး ၊ နိုင်ငံတော်အပေါ် သစ္စာရှိပြီး တည်ကြည်ဖြောင့်မတ်ရန် လိုအပ်ပေသည်။ လုပ်ငန်းကိစ္စများကို အမြင်(၅)မြင်ဖြင့် ဆင်ခြင်သုံးသပ်နိုင်ရမည် ဖြစ်ပြီး နား၊ မျက်စိဖွင့်ထားရမည်လည်း ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုအခြေခံ၍ ပြည်သူအများက ယုံကြည်လေးစား အားထားရသည့် တပ်ဖွဲ့ကြီးဖြစ်လာစေရေး ကြိုးပမ်းကြရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် လုံခြုံရေးကို စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment