အမေရိကန်ရဲ့ ရွေးကောက်ပွဲကြီး ပြီးသွားပြီ၊ အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒကို အောင်မြင်စွာ ဖော်ထုတ်ပြနိုင်ခဲ့ပြီ၊ အားလုံးက အကောင်းတွေဖြစ်ပေါ်လာဖို့ မျှော်လင့်လျှက်ရှိကြပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်(၅၀)၊ လူမျိုးပေါင်းများစွာ၊ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေ စုနေကြတာဖြစ်လို့ လူမျိုးစုံနိုင်ငံလို့လဲ ခေါ်ဆိုနိုင်ပါတယ် ။ အမေရိကန်မှာ ၀င်ရောက်နားခိုတဲ့ တစ်ရာ့တစ်ပါးသော လူမျိုးတွေဟာ အမေရိကန်နိုင်ငံသားခံပြီးရင် ဒီနိုင်ငံရဲ့အခွင့်အရေးတွေကို ရယူနိုင်သလို တာဝန်နဲ့ အခွန် ၀န်တွေလည်း ထမ်းရမှာ ဖြစ်ပါတယ် ။ သို့သော် ဘယ်လိုပဲ အမေရိကန်နိုင်ငံသားအဖြစ် ခံယူကြပါစေ၊ မူလ နဂိုပင်ရင်း လူမျိုးစု ဓလေ့ရိုးရာ ယဉ်ကျေးမှု၊ နိုင်ငံ၊ အဖိုး၊ အဖွား၊ မိဘဆွေမျိုးစတာတွေကို မေ့ဖျောက်ပစ်လောက်အောင်တော့ စိတ်ဓါတ် မပြောင်းကြပါဘူး ။ဆိုလိုတာက မြန်မာတစ်ယောက်ဟာ အမေရိကန်ရောက်လို့ အမေရိကန်နိုင်ငံသားခံယူသွားပေမယ့် စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ “မြန်မာ”မှ “မြန်မာ”ပါပဲ။ သွေးသားကလည်း မြန်မာသွေးသားစစ်စစ်ပဲ မဟုတ်လား ။
ဒါကြောင့် မြန်မာပြည်က ထွက်ခွာသွားခဲ့ကြတဲ့ မြန်မာတိုင်းရင်းသားတွေသာမက ကုလား၊ တရုတ်တွေပါ နှစ်စဉ် သင်္ကြန်ချိန်တိုင်း အလွမ်းပြေ သင်္ကြန်ပွဲလုပ်ကြလေ့ ရှိပါတယ် ။ ဒီလိုပဲ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်းတွေလဲ သူ့ရိုးရာနဲ့သူ ရှိကြမှာပါ ။ ကိုယ့်ရေ၊ကိုယ့်မြေ၊ ကိုယ့်ဒေသနဲ့ ကိုယ့်ဆွေ၊ ကိုယ့်မျိုး၊ ကိုယ့်ရိုးရာဓလေ့ကိုတော့ ဘယ်ပစ်ပယ် နိုင်ကြပါ့မလဲ ။
လက်သည်းဆိပ်တော့ - လက်ထိပ်နာ
သွေးမနီးရင် - ကြက်သီးမထ
အရေးကြီး - သွေးနီး
ဆိုတဲ့ စကားတွေကိုလည်း သတိပြုသင့်ပါတယ် ။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်၊ အမျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ရှိကြတာတော့ သေချာပါတယ်။ ပြည်ပမှာရောက်နေတဲ့ မြန်မာနဲ့ ပြည်တွင်းမှာရှိနေတဲ့ မြန်မာတွေအားလုံးမှာ ကျန်တာတွေမတူနိုင်တော့ရင်တောင် မျိုးချစ်စိတ်ဓာတ်အခံချင်းတော့ တူညီနေမယ်လို့ ယုံကြည်မိပါတယ်။ ဒီမျိုးချစ်စိတ်ကို အခြေခံပြီး တစ်ယောက်တစ်လက် တစ်အားနဲ့ နိုင်သလောက်ဝန် ထမ်းကြမယ်ဆိုရင် အနာဂတ်မြန်မာပြည်ဟာ သာယာလှပပြီး သားစဉ်မြေးဆက် ကလေးတွေရဲ့ ပျော်ရွှင် ဟစ်ကြွေးသံတွေကို နားဝင်ပီယံ ချိုအေးစွာ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
ယခုအချိန်ဟာ အဝေးကနေပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချိုးချိုးဖဲ့ဖဲ့ ပြစ်တင်ပုတ်ခတ်နေရမယ့် အချိန်မဟုတ်တော့ပါဘူး ။ ဘယ်အရပ်၊ ဘယ်ဒေသရောက်ရောက် ကိုယ်ဟာ “မြန်မာ”ဆိုတာ မမေ့ကြဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံမှာ ငတ်ပြတ် ဆင်းရဲမွဲတေတဲ့အဖြစ် မမြင်တွေ့လိုကြရင် တစ်ဦးနှင့်တစ်ဦး အပြစ်တင် အပြောတွေအစား မျိုးချစ်စိတ်ဓာတ်အရင်းခံနဲ့ ကူညီဖေးမ စောင့်ရှောက်ကြရမှာပါ။ ကိုယ့်နိုင်ငံထဲက ရင်သွေးငယ်တစ်ယောက်ကို အခြေခံပညာပဲ ဖြစ်ဖြစ်၊ ဘ၀မှာ အသက်ရှုနိုင်ဖို့ နည်းနည်ဲးပဲ ဖြစ်ဖြစ် ပံ့ပိုးထောက်ကူဆောင်ရွက်ပေးကြရင် အကျိုးမရှိပေဘူးလား။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူး ပြောနေမယ့်အစား၊ တန်ဖိုးရှိတဲ့ နှမ်းစေ့လေးတွေထဲမှာ တစ်စေ့အပါအ၀င် ဖြစ်စေချင်တာပါပဲ။ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ် တွေကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်လာအောင် အသုံးဝင် တန်ဖိုးရှိတဲ့ လူငယ်လေးတွေဖြစ်လာအောင် စိတ်ရင်းကောင်း စေတနာကောင်းနဲ့ ၀ိုင်းဝန်းပံ့ပိုးလုပ်ဆောင်ရမယ့် အချိန်ပါ၊ မြှင့်တင်ကူညီပေးကြရမယ့် အချိန်ပါလို့ ပြောချင်ပါတယ် ။
ကိုယ့်နိုင်ငံရဲ့ အခြေခံကို ထည့်မတွက်ဘဲ တဲပေါ် သွပ်မိုး၊ အုတ်ပတ်ကား ထပ်တင်ဆောက်ဖို့ ကြံစည်နေယ့်အစား၊လက်ရှိအခြေအနေမှန်ကို သုံးသပ်ပြီး ဒီတဲလေးကို မယိုင်လဲအောင် သာယာပြီး နေချင်စဖွယ်ဖြစ်အောင် တစ်ယောက်က ၀ါးတစ်လုံး နှီးတစ်ပြား၊ သက်ကယ် တစ်ပျစ်၊ ထရံတစ်ချပ်၊ အိုးတစ်လုံး၊ ရေတစ်မှုတ်၊ ဖျာတစ်ချပ် ၀ိုင်းကူညီလို့ ရနိုင်ပါတယ် ။ အဝေးကနေ ပကတိအခြေအနေမှန်နဲ့ ကင်းကွာတဲ့၊ ကိုယ့်အခြေအနေနဲ့ ဘယ်လိုမှ မအပ်စပ်နိုင်တဲ့ စကားကြီး စကားကျယ်တွေ ပြောနေမယ့်အစား လုပ်သင့်တာ ဖြစ်သင့်တာက စတင်နိုင်အောင် နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတွေ ရှိသင့်ပါပြီ။
မြန်မာလူမျိုးဆိုတာ သဒ္ဓါကြည်ဖြူ၊ စိတ်နှလုံးကောင်းတဲ့ လူမျိုးပါ။ တစ်ယောက်ဆင်းရဲရင် တစ်ယောက် ကူတတ်တဲ့ ဓလေ့ ရှိကြပါတယ် ။ သူများဒီမိုကရေစီတိုင်း လိုက်ပြီး ပါစပ်နဲ့ပြော၊ ဝေဖန်ပြစ်တင်နေမယ့်အစား သင်ကိုယ်တိုင် ဘာလုပ်နေလဲ၊ဘာလုပ်ပြီးပြီလဲဆိုတာ ပြန်သုံးသပ်ကြည့်စေ ချင်ပါတယ်။ ပြည်တွင်းရော ပြည်ပပါ မြန်မာလူမျိုးတိုင်း သုံးသပ်ကြည့်သင့်တဲ့ အချက်ပါပဲ ။
ပြည်တွင်းက ကျောင်းသားအရွယ် လူငယ်တစ်ယောက်အနေနဲ့ဆိုပါစို့။ ကိုယ့်မိသားစုကို ကူနိုင်ဖို့ အနည်းဆုံး (၁၀)တန်းက အခြေခံမျဉ်းဖြစ်တဲ့အတွက် ဘယ်လိုအောင်အောင် အရင်လုပ်မလဲ။ ဒါကို လူငယ်တွေ စဉ်းစား တွေးခေါ်သင့်ပါပြီင်္။ မိဘကလည်း “တို့မှ စာမတတ်တာ ၊ သူတို့ကို မကူနိုင်ဘူး” ၊ သားသမီင်္းကလည်း “ငါ့မိဘက ဘာမှ မသိနားမလည်တာ ၊ ငါ့ဘ၀ ဘယ်လို တိုးတက်မှာလဲ” တွေးတော ငေးမော အားလျှော့နေမယ့်အစား လုပ်နိုင်တာက စလုပ်သင့်ပါတယ် ။ တက္ကသိုလ်ဝင်တန်းအောင်ဖို့က မခက်ခဲပါဘူး ။ ဘာသာစုံ (၄၀)မှတ်ရအောင် ကျောင်းသားကလည်း ကြိုးစားနိုင်သလို ဆရာကလည်း ကူနိုင်ပါတယ်။ အများစုအတွက်က အောင်မှတ်ရဖို့ဆိုတာ အလွယ်ကလေးပါ ။ ဒါဟာ တကယ် လိုအပ်တယ်၊ ဖြစ်အောင်လုပ်ရမယ်ဆိုတာကို ရင်ထဲ အသည်းထဲက အားစိုက်ကြည့်ပါ။ မဖြစ်နိုင်စရာ မရှိပါဘူး။ မြင့်မိုရ်တောင်ကြီး ကျော်ခိုင်းတာ ဓါးတောင်ကိုဖြတ်၊ မီးပင်လယ်ကိုဖြတ်ခိုင်းတာ မဟုတ်ပါဘူး။ လုပ်နိုင်ရမယ်၊ လုပ်နိုင်မှာပါ။ အိုဘားမား အမေရိကန် သမ္မတသစ် ပြောသလို “We can , We can” ပါပဲ ။ လုပ်ချင်ရင် လုပ်နိုင်ပါတယ်။ ကိုယ့်စိတ်ဆန္ဒ အဓိကပါပဲ။ ဆန္ဒရှိရင် ဘာမှ အတားအဆီး အခက်အခဲမရှိ၊ ကျော်လွှားနိုင်ပါတယ် ။
ကိုယ့်မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ဒဏ်ခံရတဲ့ စစ်ပြီးကာလ ပြာပုံဘ၀က စတင်ထူထောင်လာခဲ့ရတဲ့ နိုင်ငံပါ ။ “လွတ်လပ်ရေး”ဆိုတာကိုလည်း ကိုယ့်အင် ကိုယ့်အားနဲ့ မရရအောင် တိုက်ယူခဲ့ရတာပါပဲ။ လွတ်လပ်ရေး ရပြီးနောက် ရောင်စုံသူပုန်ကာလမှာလည်း ပြေးရင်းလွှားရင်း ခယောင်းတောတွေကို ကိုယ့်အား ကိုယ်ကိုပြီး ဖြတ်ကျော်နိုင်ခဲ့တာပါပဲ။ ၁၉၀၀ ပြည့်လွန်နှစ်တွေမှာလဲ ၈၈ အရေးအခင်းဆိုတဲ့ အခြေအနေဆိုးတွေကို ကျော်လွှားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေ ထူထောင်အောင်မြင်လာခဲ့ကြတာပါ။ အခုနောက်ဆုံး “နာဂစ်”ကိုလည်ဲး စုပေါင်းအားနဲ့ ကျော်လွှားဆဲပါ ။ “မည်သူတွေ ကူသည်ဖြစ်စေ၊ မကူသည်ဖြစ်စေ” ကိုယ့်ခွန် ကိုယ့်အားနဲ့ ရုန်းကန်နိုးထ အောင်မြင်မှု ရယူခဲ့တာ အကြိမ်ကြိမ် မော်ကွန်းတင်နိုင်ခဲ့ပြီးပါပြီင်္။
ဘယ်လမ်းပဲလျှောက်လျှောက် သမ္မာဓိဋ္ဌိက စတဲ့မဂ္ဂင်လမ်းလိုပါတယ်။ အမြင်တွေ မှားနေတယ်ဆိုရင် စံပြနမူနာ မင်းမရှိတဲ့ အီရတ်၊ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေဆဲ၊ တောင်အာဖရိကနိုင်ငံတွေ၊ ၀ါးအစည်းပြေစ ပြုနေတဲ့ ပါကစ္စတန် ၊ ဒါတွေကို မြင်တတ်ဖို့ လိုပါတယ် ။
အားလုံး အသိအမြင်ပညာတွေ၊ စဉ်းစားဆင်ခြင်မှုတွေ၊ စည်းလုံးညီညာမှုတွေ၊ စိတ်ဝမ်းမကွဲဘဲ အမျိုးကို ချစ်စိတ်တွေ၊ ပုဂ္ဂလိက အမြင်အမုန်းတွေအစား အများအကျိုးဆောင်ရွက်လိုစိတ်တွေ ရှိဖို့ အဓိက လိုအပ်ပါတယ်။
မီးလောင်ရင် ၊ ရေကြီးရင်၊ လေမုန်တိုင်းမိရင်၊ အန္တရာယ်တွေ ကြုံတွေ့ရင် ကိုယ့်လူမျိုးအားလုံးက မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ တစ်ယောက်တစ်လက် ပါဝင်ကူညီပြီးသားပါ ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ၊ရဟန်းရှင်လူ၊ ကလေး လူကြီး မိန်းမ ပါမကျန် တစ်နိုင်တစ်ပိုင် ကိုယ့်အသိနဲ့ကိုယ် ကူညီိခဲ့ကြတာတွေ အစဉ်အလာရှိပြီးသားပါ ။
ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးကို အားလုံး အသိနဲ့ယှဉ်ပြီး စဉ်းစားဆင်ခြင် ဆောင်ရွက်ကြပါစို့၊ ကိုယ့်အရေးထက် နောင်လာမယ့် အပြစ်မဲ့ ကလေးငယ်များကို ထည့်သွင်းစဉ်းစား ဦးစားပေးကြပါစို့။ သူတို့အတွက် စားစရာရိက္ခာအခြေခံတွေ၊ နေစရာမြေတွေ၊ အိုးအိမ်တွေ၊ လယ်ကွင်းတွေ ၊ သစ်တော သယံဇာတတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ထားပေးကြဖို့ လိုပါတယ် ။ နေခြည်မှာ လင်းလက်လာမယ့် နိုင်ငံရဲ့အနာဂတ်ပိုင်ရှင် ကလေးများအတွက် အခြေခံပညာတွေ ၊အသက်မွေးပညာတွေ၊အနာဂတ်ကို ရင်ဆိုင်ကျော်လွှားမယ့် လူ့စွမ်းအား အရင်းအမြစ်တွေ၊ အသိပညာတွေ ထားပေးရမှာက ကမ္ဘာအနှံ့၊ နေရာအနှံ့မှာရှိနေတဲ့ လက်ရှိ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ။ ကိုယ့်လူမျိုး အချင်းချင်းကို အာဃာတတွေ မွေးပြီး သွေးထိုးမြှောက်ပင့် နာကျည်းစရာတွေပြောနေ၊ အပြစ်တင်နေမယ့်အစား၊ အဝေးကရော အနီးကပါ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ပျောက်အောင်၊ အခြေအနေ ဆိုးရွားအောင် လုပ်နေကြမယ့်အစား စိတ်ကောင်းကလေးနဲ့ယှဉ်ပြီး စဉ်းစားရင် ကောင်းရာကောင်းကြောင်း၊ အကျိုးရှိရာ အကျိုးရှိကြောင်းတွေ လုပ်နိုင်မှာပါ ။
အကောင်းတွေလာစေချင်ရင် အကောင်းတွေစဉ်းစားပြီး ဟုတ်သောအကြံ၊ မှန်သောအလုပ်၊ ချိုသော အပြောတွေနဲ့ ဖေးမပြီး သွားကြရအောင်ပါ ။ ကိုယ့်အတ္တတွေကို လျှော့ပြီး ငယ်ရွယ်နုနယ်လန်းဆန်းတဲ့ ချစ်စဖွယ် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များရဲ့ မျက်နှာလေးတွေ၊ ကမ်းလင့်လာတဲ့ လက်ကလေးတွေကို “မြန်မာ”ပီပီ ကူညီဖေးမရင်း သူတို့အတွက် အနာဂတ်ရွှေပြည်သစ်ကို ၀ိုင်းဝန်းတည်ဆောက် ပေးကြရအောင်ပါ။
နိုင်ငံ့အကျိုးကို ရည်၍
မိပြည်ချစ်

We can , We can , We can ,
နိုင်ငံ့အကျိုးကို ရည်၍
မိပြည်ချစ်
No comments:
Post a Comment