Friday, November 21, 2008

စိုက်ပျိုးရေရရှိရေး ကြိုးပမ်းဖော်ဆောင်သီးနှံစုံသီးထပ် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုး

မြန်မာနိင်ငံတွင် မိုးစပါး၊နွေစပါးစုစုပေါင်း ဧကသန်း၂၀ကျော် စိုက်ပျိုးလျက်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ သည်တစ်မျိုးသားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်အချိုးအစားကြီးမားစွာ ပါဝင်နေသည်ဖြစ်ရာ စပါးနှင့်အ ခြားသီးနှံများထုတ်လုပ်မှုတိုးတက်မြင့်မားရေး အခါမလပ် အားပေးဖြည့်ဆည်းပေးနေသည်။
နိုင်ငံတော်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကလိုအပ်သည့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန် နိုင်ငံတစ်ဝန်း၌ ဆည်တမံ ရေထိန်းတံခါးပေါင်း ၂၁၆ ခု၊ မြစ်ရေတင်စီမံကိန်း ၃၂၂ ခုတို့ကို ဖြန့်ကြက်တည်ဆောက် ပေးထားသည်။ တစ်ချိန်တည်းတွင် တောင်သူလယ်သမားများ အထွက်တိုး စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးရေး၊ လယ်ယာသုံး စက်ကိရိယာများ ရယူအသုံးပြုနိုင်ရေးတို့ကိုလည်း အားပေးကူညီလျက်ရှိရာ သီးနှံစိုက်ပျိုးမှုများ အောင်မြင်လျက်ရှိသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဆည်တမံစီမံကိန်းများ၊ ရေထိန်းတံခါး စီမံကိန်းများနှင့် မြေအောက်ရေ ရရှိရေး လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖော်လျက် ရှိသည်။ အထူးသဖြင့် မိုးနည်းရေရှားရပ်ဝန်းဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ တွင် ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဒေါင်းမြူးရေလှောင်တမံ၊ ကန့်ဒေါင့်ရေလှောင်တမံ၊ မြောက်ယမားတိုးချဲ့ ရေသောက်စနစ်တည်ဆောက်ရေး၊ ကျောက်ချပ်ရေလှောင်တမံ၊ ရေဘုတ်ကြီးရေလှောင်တမံ တို့ကို ဆက်လက်တည်ဆောက်သွားမည် ဖြစ်သည်။
ထို့အပြင် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ပြီး နွေရာသီ၌ ရေချိုဖြင့် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ရေထိန်းတံခါးများကိုလည်း မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့၌ တည်ဆောက်သွားမည် ဖြစ်သည်။ အလားတူ ဆည်ငယ်၊ ကန်ငယ်ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း မန္တလေးတိုင်းအတွင်း၌ ဆောင်ရွက်လျက်ရှိရာ ရေသွင်းစိုက်ဧရိယာများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်က ဆည်တမံ၊ ရေရရှိရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဖော်ဆောင်ပေး လျက်ရှိရာ ဒေသအလိုက်သီးနှံစုံ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးကြခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးတို့အတွက် ပိုမိုအထောက်အကူပြုမည်ဖြစ်ပါသည်။

No comments: