Thursday, December 11, 2008

သဘာဝနေရောင်ခြည်စွမ်းအင်ရယူ နံနက်ခင်းကိုယ်လက်လုပ်ရှား နေ့စဉ်လမ်းလျှောက်

ကျန်းမာခြင်းသည် ဥာဏ်ရည်မြင့်မားရေးကို အထောက်အကူပြုသည်။ လူတိုင်းလူတိုင်း အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အလေးထားကြရမည်ဖြစ်သည်။ လူနှင့်သတ္တဝါများ ကြီးထွားဖွံ့ဖြိုးရန်နှင့် ခန္ဓာကိုယ်ထဲရှိ ကလာပ်စည်းများ ပုံမှန်လုပ်ဆောင်ရန် ဗီတာမင်များ လိုအပ်သည်။ ဗီတာမင်ဒီသည် အရိုးနှင့်အဆစ်များကို သန်စွမ်းစေသည်။ ထို့အပြင်ဗီတာမင်ဒီသည် ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းအသွင် ပြောင်းလဲ၍ ပုံမှန်ဆဲလ်များ၏ ကြီးထွားမှုကို ထိန်းသိမ်းပေးပြီး ပုံမှန်မဟုတ်သော ဆဲလ်များပွားများခြင်းကို တားဆီးပေးသဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း တားဆီးပေးကြောင်းသိရသည်။
ဗီတာမင်ဒီ လုံလောက်စွာရရှိခြင်းဖြင့် နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ အရိုးရောဂါ၊ ဆီးချိုနှင့်သွားဖုံးရောဂါ ဖြစ်ပွားခြင်းတို့ကိုပါ ကာကွယ်တားဆီးပေးနိုင်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာအတွက် လုံလောက်သော ဗီတာမင်ဒီ ရရှိစေရန် နံနက်ပိုင်း၌ ၁၅မိနစ်ခန့် နေပူစာလှုံသင့်သည်။ ယခုအချိန်သည် ဆောင်းရာသီဖြစ်ရာ နံနက်ခင်းတိုင်း လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။ လမ်းလျှောက်ခြင်းကြောင့် စိတ်ကြည်လင်လန်းဆန်းစေပြီး အရိုးအဆစ်များ ကြံ့ခိုင်သန်စွမ်းစေသည့်အပြင် ခန္ဓာကိုယ် အဝမလွန်စေရန်လည်း ထိန်းသိမ်းထားနိုင်သည်။
လူတစ်ဦးသည် တစ်ပတ်လျှင် တစ်နာရီမှသုံးနာရီအထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းများ နေ့စဉ်မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် နှလုံးထိခိုက်ခံရမှုမှ လျော့နည်းနိုင်သည်။ နှလုံးနှင့်အဆုတ်အား ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်း နံနက်ခင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း နေရောင်ခြည်အောက်တွင် ပုံမှန်လမ်းလျှောက်ကြခြင်းဖြင့် သဘာဝနေရောင်ခြည်စွမ်းအင်မှ ဗီတာမင်ဒီ လုံလောက်စွာ ရရှိနိုင်သည့်အပြင် အရိုးအဆစ် ကြွက်သားများလည်း ပိုမိုသန်စွမ်းလာစေပြီး စိတ်ရွှင်လန်းဆန်း ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြမည်ဖြစ်ပါသည်။

No comments: