Monday, December 15, 2008

စွမ်းရည်ထက်မြတ်သည့် ခေတ်မီတပ်မတော်တည်ဆောက် နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကာကွယ်စောင့်ရှောက်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒီဇင်ဘာ၁၂ရက်နေ့က ပြင်ဦးလွင်မြို့စစ်တက္က သိုလ်စစ်ရေးပြကွင်း၌ ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် "ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းဖို့၊ စွမ်းရည်ထက်မြက်ဖို့နဲ့ ခေတ်မီဖို့လိုအပ်တယ်။ ဒါမှသာ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်နိမိတ်ကို တစ်လက်မမျှ ကျူးကျော်ခြင်းမခံရအောင် ကာကွယ် စောင့်ရှောက်နိုင် ဖြစ်တယ်။ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြတ်တဲ့ ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်လာအောင် တည်ဆောက်ရာ မှာလည်း ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေအပြင် အသိပညာ ၊ အတက်ပညာအရည်အချင်းတွေပါ ပြည့်စုံတောင့်တင်းဖို့လိုတယ "ဟူ၍မှာကြားသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အတွက် ခေတ်မီတပ်မတော်တစ်ရပ်သည် မရှိမဖြစ်လိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်းစည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက် နိုင်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကို တည်ဆောက်နေ ခြင်းဖြစ်သည်။
တပ်မတော်တစ်ရပ် အင်အားတောင့်တင်းရေးတွင် အရည်အချင်းသည် အရေအတွက်ထက်ပို၍ အဓိကကျသည် ဖြစ်ရာ တပ်မတော်သားတိုင်း အရည်အချင်းမြင့်မားပြည့်စုံနေစေရေး အစဉ်အမြဲကြိုးပမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမည့် သင်တန်းဆင်းခေါင်းဆောင်ငယ်များ အနေဖြင့် တိုးတက်ပြောင်းလဲနေသည့် စစ်နည်းဗျူးဟာနှင့် စစ်ပညာရပ်များကို မျက်ခြေမပြတ် လေ့လာဆည်းပူး အားထုတ်နေကြရမည်ဖြစ်သည်။
ထို့ပြင်တာဝန်ကျရာဒေသအသီးသီးတွင် တပ်ကိုကောင်းအောင်လုပ်၊စစ်ကိုနိုင်အောင်တိုက် တာဝန် ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝစေရန်ကြိုး ပမ်းကြရ မည်ဖြစ်သည်။ တပ်ဖွဲ့ဝင်များ အသိနှင့်ယှဉ်၍ အမိန့်လိုက်နာတက်ရေး စည်းရုံးဆောင်ရွက် သွားကြရ မည်ဖြစ်သည်။
နောင်တစ်ခေတ်၏ အောင်စစ်သည်များဖြစ်ကြသည့် သင်တန်းဆင်းခေါင်းဆောင်ငယ်များအနေဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများနှင့် အညီ နိုင်ငံတော်၏ မြေထု၊ရေထု၊လေထု ပိုင်နက်နယ်နိမိတ်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထာဝရကာကွယ်စောင့်ရှောက်ရင်း တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး ပြည်ထောင်စုစိတ်ဓာတ် ခံယူကျင့်သုံးလာစေရေး ဆက်လက်စည်းရုံးဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။

No comments: