Monday, December 15, 2008

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး.....

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ်။



မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကိုတွေ့ရစဉ်။

မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ဒီဇင်ဘာ၁၀ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ ဗိုလ်ချုပ်လှဌေးဝင်းနှင့် ဗိုလ်ချုပ်မောင်ရှိန်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ပြည်နယ်နှင့်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် မွန်းလွဲ၁၂နာရီ၄၅မိနစ်တွင် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် ရဲ-ယမန်းကျေးရွာအနီး၌ အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ရှင်းလင်းတင်ပြ

ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်နေရာ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၇၉၀ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ထုတ်လုပ်ဖြန့်ဖြူးပေးမည့် နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းကြီး ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် မြစ်ငယ်မြစ်ပေါ်၌ ရေလှောင်တမံ အလျား၂၂၆၄ပေ၊ အမြင့်၄၃၃ပေ ကွန်ကရစ်တမံ Roller Compacted Concrete Dam ပင်မတမံ တည်ဆောက်လျက်ရှိရာ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ပါကြောင်းဖြင့် ပဏာမရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းက စီမံကိန်း၏ အခြားအစိတ်အပိုင်းများဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေလွှဲဥမင်လိုဏ် အဝင်အထွက် အဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှု အခြေအနေ၊ ဆက်လက်၍ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးရုံတည်ဆောက်ခြင်း လုပ်ငန်းနှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အမီပြီးစီးအောင် တည်ဆောက်နေမှုအခြေအနေ၊ လာမည့်မိုးကာလမှစ၍ ရေလှောင်တမံအတွင်း ရေစတင်သိုလှောင်ရန် စီစဉ်နေမှုတို့ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းဦးက ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓာတ်အားမဂ္ဂါဝပ်၇၉၀ကို မဟာဓာတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရဲရွာ-ဘယ်လင်း(ကျောက်ဆည်) ၂၃၀ကေဗွီ ဓာတ်အားလိုင်း၊ ရဲရွာ-မိတ္ထီလာ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် ဘယ်လင်း-မိတ္ထီလာ၂၃၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက်သွယ်တန်းမှုအခြေအနေ၊ ဓာတ်အားခွဲရုံများတည်ဆောက်ပြီးစီးမှု အခြေအနေ၊ ဘယ်လင်း-ရွှေစာရံ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် မိတ္ထီလာ-သာစည်၂၃၀ ကေဗွီဓာတ်အားလိုင်းများမှ ဓာတ်အားများ ပို့လွှတ်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံတော်၏ အကြီးစား ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ကြောင်း။

ဂရုပြုလုပ်ကိုင်

ယခုအခါ ယင်းစီမံကိန်းကြီးသည် အပြီးသတ် တည်ဆောက်မှုအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အစစအရာရာ သေချာသပ်ရပ်စွာပြီးစီးအောင် လုပ်ငန်းအဆင့်အားလုံးတိုင်းကို ဂရုပြုလုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း။ ထို့အပြင် မြစ်ငယ်မြစ်၏ ရေအရင်းအမြစ်များကို အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း။

စနစ်တကျဖြန့်ဖြူး

ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့်အပိုင်းကို ကြိုးပမ်းတည်ဆောက်လျက်ရှိသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးသည့်အပိုင်းကိုလည်း ချိန်ကိုက်ပြီးစီးအောင်၊ ဓာတ်အားအလေအလွင့် အဆုံးအရှုံးမရှိ စနစ်တကျ ဖြန့်ဖြူးပေးနိုင်အောင်၊ ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရဲရွာရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Colenco Power Engineering Ltd. နှင့် China Gezhouba Group Corporation တို့မှ တာဝန်ရှိသူများအားလည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနအမှတ်(၂) တည်ဆောက်ရေးအဖွဲ့မှ ဝန်ထမ်းများအားလည်းကောင်း လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ရှုရပ်မှကြည့်ရှု

ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆောင်အနီးရှိ ရှုရပ်မှ ကြည့်ရှုကြသည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စီမံကိန်းလုပ်ငန်းခွင်တစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပင်မတမံ ရှုရပ်မှ ရဲရွာရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံ လက်ဝဲဘက်ခြမ်းနှင့် ပင်မတမံ လက်ယာဘက်ခြမ်း RCC ကွန်ကရစ်အပြီးသတ် သွန်းလောင်းခြင်းလုပ်ငန်းများ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရာနှုန်းပြည့်ပြီးစီးတော့မည်

ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများအနက် ရေလွှဲဥမင်လိုဏ်အမှတ်(၁)နှင့် အမှတ်(၂)ရေလွှဲအဆောက်အအုံ လုပ်ငန်းတို့မှာ ရာနှုန်းပြည့်ပြီးစီးပြီး RCC ပင်မတမံလုပ်ငန်းမှာ ရက်ပိုင်းအတွင်း ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ရာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၆၇ဒသမ၃၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

No comments: