မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးမြေကျယ်ပြန့်စွာရှိသော်လည်း ယခင်က မိုးရေကိုသာ မျှော်ကိုးစိုက်ပျိုးခဲ့ရသဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အားနည်းခဲ့ရသည်။ ယနေ့ကာလတွင် နိုင်ငံတော်က မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေရရှိရေး အစီအမံများနှင့်ဆည်၊ ကန်၊ တမံငယ်များစွာကို တည်ဆောက်ပေးလျက်ရှိရာ ဆည်ရေဖြင့် သီးနှံစိုက်ပျိုး အကျိုးဖြစ်ထွန်းနေကြပြီဖြစ်သည်။ မကွေးတိုင်းသည် မိုးနည်းရေရှားရပ်ဝန်းတွင် ပါဝင်သည့် ဒေသတစ်ခုဖြစ်ရာ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်က ရေအရင်းအမြစ်ရရှိနိုင်မှု အခြေအနေများကို အစွမ်းကုန်ကြိုးပမ်း ဖော်ထုတ်ပေးလျက်ရှိသည်။
ယခုအခါဒေသအတွင်း၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသစိမ်းလန်းစိုပြေရေးအတွက် ဆည်၊ ကန်၊ တမံငယ်လုပ်ငန်းပေါင်း ၇၀ကျော်ကို တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည်။ ပခုက္ကူခရိုင်အတွင်း၌ ဆည်အစုအဖွဲ့များ တည်ဆောက်ဖွင့်လှစ်နိုင်သဖြင့် စိုက်ပျိုးမြေဧက ခြောက်ထောင်ကျော်သို့ စိုက်ပျိုးရေပေးဝေနိုင်ပြီဖြစ်သည်။ ပခုက္ကူခရိုင်အနေဖြင့် ယခင်ကမိုးစပါး ဧကကိုးသောင်းကျော်နှင့် နွေစပါးဧက တစ်သောင်းကျော်သာ စိုက်ပျိုးနိုင်ခဲ့သည်။ ယခုအခါ စိုက်ပျိုးရေရရှိရေး နည်းလမ်းများ တိုးချဲ့ဖော်ဆောင်နိုင်မှုကြောင့် မိုးစပါးဧက တစ်သိန်းခန့်နှင့် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေး အလားအလာကောင်းများ ဖြစ်ထွန်းနေသည်။
ပခုက္ကူ၊ ရေစကြို၊ ပွင့်ဖြူ၊ မြိုင်၊ ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့အတွင်း ဆည်၊ ကန်၊ တမံငယ်များကို တည်ဆောက် ဖွင့်လှစ်ပေးလျက်ရှိရာ ဆည်ရေသောက် စိုက်ပျိုးမြေများ တိုးတက်လာသည်။ မိုးစပါး၊ မိုးပဲတီစိမ်း၊ မိုးမြေပဲ၊ ဆောင်းပဲတီစိမ်း၊ ငရုတ်၊ ဝါ၊ ပြောင်းသီးနှံများပါ စိုက်ပျိုးအောင်မြင်လျက်ရှိသည်။ ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝန်း၌ ဆည်တမံပေါင်း နှစ်ရာကျော်ကို ဖြန့်ကြက်တည်ဆောက်ပေးထားရာ စိုက်ပျိုးရေနှင့် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး အကျိုးပြုနေသည်။ မကွေးတိုင်းအတွင်း၌လည်း ဆည်၊ ကန်၊ တမံငယ် အစုအဖွဲ့များကို အရှိန်အဟုန်ဖြင့် တည်ဆောက်ပေးလျက်ရှိရာ ပခုက္ကူလွင်ပြင် စိမ်းလန်းစိုပြေရေးနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ပါသည်။