ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှုးကျင်းပသည့် အာဆီယံဒေသအတွင်းရှိ ယဉ်ကျေးမှုဝတ္ထုပစ္စည်းများ တရားမ၀င်လွှဲပြောင်းခြင်းနှင့် တရားမ၀င်ကူးသန်းရောင်းဝယ်ခြင်း ကာကွယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Prevention of Illicit Transfer and Illegal Trafficking of Cultural Properties in ASEAN Region ) ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၇ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံနန်းမြင့်မျှော်စင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးအမျိုးသားကော်မတီဥက္ကဌ မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါက်တာခင်မောင်ညွန့်၊အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီ ဥက္ကဌ ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစန်းဝင်း၊ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဘမောင်၊ ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာဌာနနှင့် အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှု ၀တ္ထုပစ္စည်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနှင့် လေ့လာသူများတက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး အမျိုးသားကော်မတီ ဥက္ကဌ မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါက်တာခင်မောင်ညွန့်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲကို နံနက် ၁၀နာရီတွင် စတင်ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး အမျိုးသားကော်မတီဥက္ကဌမြန်မာ့သမိုင်းအဖွဲ့ဝင်ဒေါက်တာခင်မောင်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူကြီးစစ်အေးနှင့် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့တို့က တွဲဖက်သဘာပတိများအဖြစ်ဆောင်ရွက်ကြသည်။
စာတမ်းဖတ်ပွဲ ပထမနေ့တွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ Abd Lam Hin Haji Abu Baken၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr.Prak Sonnamai၊ အင်ဒိုနီးရှား သမ္မတနိုင်ငံမှ Mr.Syarif Rahman နှင့် လာအိုပြည်သူ့ဒီမိုကရက်နစ် သမ္မတနိုင်ငံမှ Mr. Phouvong တို့က စာတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် သဘာပတိကနိဂုံးချုပ်အမှာစကား ပြောကြားကာ ပထမနေ့ စာတမ်းဖတ်ပွဲကို ညနေပိုင်းတွင်ရပ်နားလိုက်သည်။ ညပိုင်းတွင် မြန်မာနိုင်ငံအာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးအမျိုးသားကော်မတီ ဥက္ကဌ ဒေါက်တာခင်မောင်ညွန့်က တက်ရောက်လာကြသည့် အာဆီယံကိုယ်စားလှယ်များအား ပုဂံမြို့ရွှေနန်းတော်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြောင်း သတင်းရရှိသည်။

No comments:
Post a Comment