Wednesday, January 21, 2009

အဆင့်မြင့် အင်ဂျင်နီယာအတတ်ပညာများ သင်ယူနိုင်မည့် နည်းပညာတက္ကသိုလ်(ထားဝယ်)


နိုင်ငံတော်အစိုးရသည် ခောတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ရည်ရွယ်လျက် ဒေသအသီးသီးရှိ လူငယ်များ အဆင့်မြင့်အင်ဂျင်နီယာပညာရပ်များကို မိမိဒေသအတွင်းမှာပင် သင်ယူနိုင်ရေး ပြည်နယ်နှင့်တိုင်းအသီးသီးတွင် နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့ရာ တနင်္သာရီတိုင်း ထားဝယ်မြို့၌လည်း နည်းပညာတက္ကသိုလ်ကြီးတစ်ခု ဖွင့်လှစ်ထားပြီဖြစ်သည်။
တည်ရှိ
နည်းပညာတက္ကသိုလ်(ထားဝယ်)သည် ထားဝယ်မြို့၏မြောက်ဘက် မောင်မယ်ရှောင်ကျေးရွာအနီး ရန်ကုန်-ထားဝယ် ကားလမ်းနံဘေးတွင် တည်ရှိသည်။လမ်းတစ်လျှောက် စိမ်းလန်းသာယာသော လယ်ကွင်းပြင်များ၊ တောင်တန်းကြီးများကို သာမောဖွယ်တွေ့ရသည်။
နည်းပညာတက္ကသိုလ်(ထားဝယ်)သို့ ရောက်ရှိသည်ဆိုလျှင်ပင် အလွန်လှပခန့်ညားပြီး ခောတ်မီသည့် သုံးထပ်ကျောင်း အဆောက်အအုံကြီးကို တွေ့ရသည်။
ဖွံ့ဖြိုးရေး
"ကျွန်တော်တို့ ဒီနည်းပညာတက္ကသိုလ်ကြီးကို ၂၀၀၅ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထားဝယ်မှာ အရင်တုန်းက နည်းပညာကောလိပ်သာ ရှိပါတယ်။ဒေသတွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေ အင်ဂျင်နီယာအတတ်များ ပိုမိုသင်ယူနိုင်တဲ့ အခွင့်အလမ်းရရှိစေဖို့ နိုင်ငံတော်က ဖွံ့ဖြိုးရေးဇုန် ၂၄ခု သတ်မှတ်ပြီး ယခုလို နည်းပညာတက္ကသိုလ်ကြီးတွေ ဖွင့်လှစ်ပေးနေခြင်း ဖြစ်ပါတယ်။ဒီလို ဖွံ့ဖြိုးရေးဇုန်တွေမှာ နည်းပညာတက္ကသိုလ်အပြင် ကွန်ပျူတာတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ်တွေလည်း ဖွင့်လှစ် ထားရှိတာ ကြောင့် ဒေသတွင်းမှာရှိတဲ့ လူငယ်တွေအတွက်တော့ ခေတ်မီပညာရေး သင်ယူတဲ့ အခွင့်အလမ်းများကတော့ တစ်ပုံတစ်ပင်ပါပဲ"ဟု နည်းပညာ တက္ကသိုလ်(ထားဝယ်)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းနိုင်ထွေးက ရှင်းပြသည်။
ဘွဲ့နှင့်ဒီပလိုမာ
အဆိုပါ နည်းပညာတက္ကသိုလ်(ထားဝယ်)က အပ်နှင်းလျက်ရှိသည့် ဘွဲ့နှင့်ဒီပလိုမာများမှာ B.E (အင်ဂျင်နီယာဘွဲ့) ၊ B.Tech (အင်ဂျင်နီယာနည်းပညာဘွဲ့)၊A.G.T.I (ဒီပလိုမာ)တို့  ဖြစ်သည်။
A.G.T.I (ဒီပလိုမာ)သင်တန်း၏ ပညာသင်နှစ်မှာ ပထမနှစ်နှင့် ဒုတိယနှစ်ဖြစ်ပြီး နှစ်နှစ်သင်တန်းဖြစ်သည်။ ယင်းသင်တန်းတွင် ဂုဏ်ထူးတန်းဝင်ပါက B.Tech(အင်ဂျင်နီယာ) နည်းပညာဘွဲ့ နှစ်နှစ်သင်တန်းသို့ တက်ရောက် ဘွဲ့ယူနိုင်သည်။ ယင်းB.Tech(အင်ဂျင်နီယာ) နည်းပညာ သင်တန်းတွင်လည်း ဂုဏ်ထူးတန်း ၀င်ပါက B.E(အင်ဂျင်နီယာ)ဘွဲ့ တစ်နှစ်သင်တန်းကို တက်ရောက်ဘွဲ့ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းနည်းပညာတက္ကသိုလ်ကြီးတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၁ရက်မှ စပြီး ကျောင်းသားများလက်ခံကာ ဒီဇင်ဘာ၁၅ရက်မှ စ၍ ပညာသင်ကြားနှစ်ကို စတင်ဖွင့်လှစ် သင်ကြားနေပြီ ဖြစ်ပေသည်။
အခွင့်အလမ်း
သို့ဖြစ်ရာ နည်းပညာတက္ကသိုလ်(ထားဝယ်)ကို ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်းရှိ လူငယ်လူရွယ်များ အင်ဂျင်နီယာအတတ်ပညာများ သင်ယူနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိလာခဲ့ပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: