နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ အစိုးရအဖွဲ့- အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ဇန်န၀ါရီ ၂၅ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံ၍ အမှာစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြိုဆို
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၅ရက်နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာပြီး နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပေါက်တောမြို့သို့ ရောက်ရှိကြရာ ပေါက်တောမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးအောင်အောင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ပေါက်တောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများအားတွေ့ဆုံ၍ ဆရာ၊ ဆရာမများသည် တပည့်များအားတတ်မြောက်အောင်သင်ကြားပေး၍ မိမိတို့သင်ကြားပေးကြားပြသရသော ဘာသာရပ်များကို ကျွမ်းကျင်နေစေရန် အမြဲတမ်းလေ့လာနေရန်၊ မိမိတို့တပည့်များအား စည်းကမ်းရှိစေရန် ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်းနှင့် နိုင်ငံတော်၏စည်းကမ်းဖြစ်သော တရားဥပဒေများကို လေးစားလိုက်နာရေးသွန်သင်ပေးရန်၊ ကလေးများပညာတော်သင်ကဲ့သို့ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တကောင်းမွန်အောင် ဆုံးမပေးရန်နှင့် ငယ်စဉ်ကပင် ပြည်ထောင်စုစိတ်ဓာတ် ရင်ဝယ်ကိန်းအောင်းနေရေး လေ့ကျင့်ပေးရန် မှာကြားသည်။

အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးအောင်အောင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ပေးအပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အမှာစကားပြောကြားပြီး စာအုပ်စာစောင်များနှင့် ဆေးဝါးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်စန်းစန်းအောင်နှင့် မြို့နယ်ဆရာဝန်ဒေါက်တာမောင်မောင်ဝင်းတို့က လက်ခံကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့်ဆက်လက်ထွက်ခွာလာပြီး နံနက် ၁၁ နာရီတွင် မြေပုံမြို့နယ်သို့ ရောက်ရှိကြရာ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးသက်နိုင်နှင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ မြေပုံမြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးသက်နိုင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသ၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အမှာစကားပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဆေးဝါးပစ္စည်းများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးတင်ရွှေ၊ မြို့နယ်ဆရာဝန် ဒေါက်တာဒေါ်မြမြသန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးဌေးဝင်းတို့က လက်ခံကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြေပုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းမှတစ်ဆင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြပြီး မွန်းလွဲ ၂ နာရီတွင် မင်းပြားမြို့နယ်သို့ရောက်ရှိကြရာ မင်းပြားမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရာမောင်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ မင်းပြားမြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးနေလင်းထွန်းက ဒေသဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အမှာစကားပြောကြားပြီး ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ခဲတံများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ဒေါက်တာ သိန်းထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ချမ်းသာတို့က လက်ခံကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာပြီး ပုဏ္ဏာကျွန်းမြို့နယ်သို့ ရောက်ရှိကြရာ မြို့နယ်ဆရာဝန်ဒေါက်တာ သိန်းထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ချမ်းသာတို့က လက်ခံကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာပြီး ပုဏ္ဏားကျွန်းမြို့နယ်သို့ ရောက်ရှိကြရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေတ္တဥက္ကဌ ဒုတိယရဲမှူးသောင်းညွန့်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ကြီးသိန်းစိန်သည် ပုဏ္ဏာကျွန်းမြို့နယ် မြို့တော်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သိလိုသည်များကို မေးမြန်းသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် စာအုပ်စာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးလှဘော်သူ၊ မြို့နယ်ဆရာဝန် ဒေါက်တာကမ်ပိုနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနုအေးတို့က လက်ခံကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာရာ စစ်တွေမြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြသည်။
မှာကြား
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၆ရက်နံနက် ၉ နာရီတွင် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာသို့ရောက်ရှိကာ တောင်သူဦးမောင်မဲ၏ နေအိမ်၌ သဘာဝစွန့်ပစ်ပစ္စည်းသုံး၍ ဇီဝဓာတ်ငွေ့ဖြင့် ထမင်း၊ ဟင်းချက်ပြုတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိသားစုများဝင်ငွေတိုးတက်ရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုတွဲဖက်၍ လုပ်ကိုင်ကြရန်၊ တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများမှ ရရှိသည့်ဇီဝစွမ်းအင်ကိုအသုံးပြု၍ ထမင်း၊ ဟင်းချက်ပြုတ်ရုံသာမက လျှပ်စစ်မီးပါထုတ်လုပ်ပေးနိုင်သဖြင့် လူနေမှုအဆင့်မြင့်မားစွာ နေထိုင်နိုင်ရေး ကြိုးစားရန်နှင့် ထွက်ရှိလာသော ဇီဝရည်ဖြင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာပြီး နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ကျောက်တော်မြို့သို့ ရောက်ရှိကြရာ ကျောက်တော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်ကုန်-စစ်တွေလမ်းပေါ်ရှိ ကစ္ဆပနဒီတံတားကို မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုပြီး ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံသည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးအောင်ကျော်ဦးက ဒေသဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပြန်ကြားရေးဌာနဦးစီးမှူးတို့က လက်ခံသည်။

No comments:
Post a Comment