ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်သည် ကျန်းမာရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ညွှန့်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Bansarn Bunnag၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Robert Chua Hian Kong၊ Intenational Organization for Migration (IOM) မှ Emergency Response Officer Mr.Teis Piel Christensen နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်န၀ါရီ ၂၅ ရက်နံနက် ၈ နာရီခွဲတွင် ဘိုကလေးမြို့နယ် စက်ဆန်း ကျေးလက်ကျန်းမာရေးဌာနသို့ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးရာ တာဝန်ခံဆရာဝန်က ရှင်းလင်းပြသသည်။
ယင်းနောက် ၀န်ကြီးဒေါက်တာကျော်မြင့်သည် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးသည် နံနက် ၁၀ နာရီခွဲတွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာ၌ကျင်းပသည့်ရွှေ့ပြောင်းတပ်ဆင်နိုင်သော ဆေးရုံလွှဲအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ခေတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းမြင့်၊ IOM အဖွဲ့မှ Mr.Teis Piel Chtristensen နှင့်ဖျာပုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က ဆေးရုံလွှဲပြောင်းပေးအပ်လွှာတွင် လက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ ဒေါ်ညိမ်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအတွက်ဆေးနှင့် ဆေးပစ္စည်းများကို ၀န်ကြီးဒေါက်တာကျော်မြင့်နှင့် စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီးတို့ကမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအား ပေးအပ်ကြသည်။
ယင်းနောက် ၀န်ကြီးသည် IOM က လှူဒါန်းထားသည့် ရွှေ့ပြောင်းတပ်ဆင်ပေးနိုင်သော ဆေးရုံအတွင်းရှိ လူနာကုသခန်းများ၊ သန့်စင်ခန်း၊ ဆေးပစ္စည်းထားရှိမှုများ၊ မီးစက်၊ လေအေးပေးစက်နှင့် ရေပေးဝေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများအား နှုတ်ဆက်သည်။
ဆက်လက်၍ ၀န်ကြီးသည် ကျုံဒါးကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပသော IOM က လှူဒါန်းသည့် ရွှေ့ပြောင်းတပ်ဆင်နိုင်သော ဆေးရုံလွှဲအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် IOM ကိုယ်စားလှယ်တို့က ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးထံဆေးရုံကို လွှဲပြောင်းပေးအပ်ကြပြီးဝန်ကြီးနှင့် IOM အဖွဲ့ ကိုယ်စားလှယ်တို့က ကျုံဒါးကျန်းမာရေးဌာန၌ လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးထံ ပေးအပ်သည်။
ထို့နောက် ၀န်ကြီးသည် IOM က လှူဒါန်းသည့် ရွှေ့ပြောင်းတပ်ဆင်နိုင်သောဆေးရုံကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

No comments:
Post a Comment