Friday, January 9, 2009

ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး အသက်ပေးကာကွယ်စောင့်ရှောက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ် မိလပြည်သူတွေကို လုပ်ကျွေးပြုစုရင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ပါဝင်ဆောင်ရွက်







တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
ရဲဘော်တို့-
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းအမှတ်စဉ်(၆)ရဲ့ သင်တန်းဆင်းပွဲအခမ်းအနားမှာ ရဲဘော်တို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာဖြစ်ပါတယ်။
ရဲဘော်တို့-
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ဟာ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော တပ်မတော် သူနာပြုများ၊ ဆေးဘက်ပညာသည်များနှင့် ဆေးဝါးကျွမ်းကျင်သူများကို မွေးထုတ်ပေးရန်ဖြစ်တယ်။
ရဲဘော်တို့-
ရဲဘော်တို့ကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ဒီတက္ကသိုလ်မှာ ပညာရပ်ဆိုင်ရာ ဌာနအပေါင်းနှစ်ဆယ်ကျော် ဖွင့်လှစ်ပေးထားတယ်။ အခြေခံဘာသာရပ်များအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ သတ္တဗေဒ ဘာသာရပ်တွေ၊ အထောက်အကူပြု ဘာသာရပ်များအဖြစ် ခန္ဓာဗေဒ၊ ဇီဝဗေဒ၊ အဏုဇီဝဗေဒနဲ့ ကွန်ပျုတာဘာသာရပ်တွေ ၊အဓိကဘာသာရပ်ကြီးများအဖြစ် ဆေးဝါးဗေဒ၊ ရောဂါဗေဒ၊ ဓာတ်မှန်ရိုက်ပညာ၊ ကာယကုသပညာတို့အပြင် သူနာပြုဘာသာရပ်နဲ့ ပတ်သက်ရင် အရွယ်ရောက်ပြီးသူများ သူနာပြုစုမှုဘာသာရပ်၊ မိသားစုကျန်းမာရေး သူနာပြုစုမှုဘာသာရပ်တို့ကို စာပေညွှန်ကြားရေးမှူးရုံးနဲ့ ဆေးပညာသင်ကြားရေးဌာနတို့က ထိထိရောက်ရောက် သင်ကြားလေ့ကျင့်ပေးလျက်ရှိတယ်။ ထို့အတူပဲ သင်တန်းသားများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေဖို့ စာကြည့်တိုက်တစ်ခုကိုလည်း တည်ထောင်ပေးထားခဲ့တယ်။
ယခုဆိုရင် ဒီတက္ကသိုလ်က မွေးထုတ်ပေးပြီးခဲ့တဲ့ သင်တန်းသားပေါင်းဟာ ၁၀၃၄ဦး ရှိခဲ့ပြီး ရဲဘော်တို့ အပါအ၀င်ဆိုရင် ၁၁၄၃ဦးအထိ ရှိလာမှာဖြစ်တယ်။
သင်တန်းဆင်းများအနက် ဘာသာရပ်အလိုက် ခွဲခြားကြည့်ရင် သူနာပြု ၉၃၅ဦး၊ ရောဂါရှာဖွေရေး ၅၄ဦး၊ ဓာတ်မှန်ရိုက် ၅၂ ဦး၊ ကာယကုသ ၄၆ ဦးနဲ့ ဆေးဝါးကျွမ်းကျင် ၅၆ ဦးတို့ ပါဝင်လျက်ရှိတယ်။
ရဲဘော်တို့-
ရဲဘော်တို့ရဲ့ နောင်တော် ကျောင်းဆင်းများဟာ ဒို့တာဝန်အရေးသုံးပါး အပေါ် ခိုင်မာစွာယုံကြည်ခြင်း၊ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံအောင် အားထုတ်ကြိုးပမ်းလျက်ရှိခြင်း၊ မိမိတို့ရဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆက်လက်လေ့လာ ဆည်းပူးလိုစိတ် ပြင်းပြခြင်း၊ "၀ါသနာ၊ စေတနာ၊ အနစ်နာ" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တာဝန်ကျေပွန်ခြင်းတို့ကြောင့် ဂုဏ်သတင်းကောင်းမွန်လျက်ရှိတယ်။ ဘာသာရပ်ဆိုင်ရာ ဆက်လက်ဆည်းပူးလေ့လာမှုနဲ့ ပတ်သက်လာရင် သင်တန်းအမှတ်စဉ်(၁)က သူနာပြုမဟာသိပ္ပံဘွဲ့ရရှိသူ တစ်ဦးရှိပြီးတဲ့အပြင် လက်ရှိမဟာသင်တန်းကို ဆက်လက်တက်ရောက်နေသူ စုစုပေါင်း ၁၈ ဦးရှိနေပြီ ဖြစ်တယ်။ ထူးချွန်သူများဟာ ပါရဂူဘွဲ့အသီးသီးကို ဆွတ်ခူးနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရကြဦးမှာဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့လဲ အမိတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့ အမြဲအာရုံထားပြီး ကြိုးစားကြပါလို့ ဦးစွာပထမ မှာကြားလိုတယ်။
ရဲဘော်တို့-
ဒို့တာဝန်အရေးသုံးပါးနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားရရင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အရေးသုံးပါးဟာ ဒို့နိုင်ငံတော်အတွက် သမိုင်းကပေးတဲ့ အမျိုးသားရေးတာဝန်တွေပဲ ဖြစ်တယ်။ ယနေ့ ကမ္ဘာဖြစ်စဉ် ဖြစ်ရပ်တွေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အရေးသုံးပါးဟာ ဒို့နိုင်ငံတော်အတွက် သမိုင်းကပေးတဲ့ အမျိုးသားရေးတာဝန်တွေပဲ ဖြစ်တယ်။ ယနေ့ ကမ္ဘာ့ဖြစ်စဉ် ဖြစ်ရပ်တွေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲလို့ အချင်းချင်း စစ်မက်ဖြစ်ပွားရာက ပြည်ပရဲ့ ၀င်ရောက်စွက်ဖက်မှုကြောင့် ပြည်ထောင်စုပြိုကွဲပြီး အင်အားချည့်နဲ့သွားတဲ့ နိုင်ငံတွေ၊ အချုပ်အခြာအာဏာကို လက်လွတ်ပြီး ရုပ်သေးအစိုးရ ဖြစ်သွားတဲ့သာဓကတွေကို သင်ခန်းစာယူဖွယ်ရာ တွေ့ရှိရလိမ့်မယ်။
ရဲဘော်တို့-
ဒို့တိုင်းရင်းသားတွေရဲ့ မူလဇာတိကို ပြန်ကြည့်ရင် တူးဖော်တွေ့ရှိတဲ့ အထောက်အထားတွေအရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း လေးဆယ်ကတည်းက လူသားမျိုးနွယ်တွေဟာ ဒို့နိုင်ငံမှာ ရှင်သန်ပေါက်ဖွား နေထိုင်ခဲ့ကြတာဖြစ်တယ်။ သို့သော်လဲ လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ ဒို့နိုင်ငံရဲ့ပထ၀ီ အနေအထားနဲ့ အမျိုးမျိုးသော ရာသီဥတုတွေကြောင့် ပြောဆိုတဲ့ ဘာသာစကား၊ ၀တ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ဒေသအလိုက် ကိုယ်စီရှိလာခဲ့ကြပြီး တိုင်းရင်းသားမျိုးနွယ်စု တစ်ရာကျော်ရယ်လို့ ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမယ့် အသီးတစ်ရာ အညှာတစ်ခုဖြစ်တဲ့ ဒို့တိုင်းရင်းသားတွေဟာ သွေးကပြောတဲ့ အသိတရားနဲ့ စည်းလုံးချစ်ခင်စွာ အေးအတူပူအမျှ နေထိုင်လာခဲ့ကြတာဖြစ်တယ်။ နိုင်ငံတော်အတွင်း လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းနေထိုင်ပြီး လုပ်ကိုင် စားသောက်ခဲ့ကြတယ်။ ဒါကြောင့်လဲ ဒို့တိုင်းပြည်ရဲ့ နေရာတိုင်း ဒေသတိုင်းမှာ တိုင်းရင်းသားပေါင်းစုံဟာ ရေကိုသားလို့ အကြားမထင်သလို တစည်းတလုံးတည်း နေထိုင်လျက်ရှိကြတယ်။တစ်ကန့်စီ နေတာမဟုတ်တဲ့အတွက် ဘယ်လိုမှ ခွဲခြားလို့မရနိုင်သော်လည်း နယ်ချဲ့ရဲ့ သွေးခွဲခံရမှု၊ နယ်ချဲ့ သမိုင်းဆရာတွေရဲ့ သွေးထိုးလုပ်ကြံမှုတွေကြောင့် နယ်ချဲ့ရဲ့ သွေးခွဲခံရမှု၊ နယ်ချဲ့သမိုင်းဆရာတွေရဲ့ သွေးထိုးလုပ်ကြံမှုတွေကြောင့် နယ်ချဲ့လက်အောက်ခံဘ၀မှာပဲ သူတစ်လူငါတစ်မင်း စိတ်ဓာတ်တွေ ကိန်းအောင်းခဲ့ကြရတယ်။
ဒါကြောင့်ပဲ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းပြီးမှ လွတ်လပ်ရေးကို ရယူခဲ့ရတယ်ဆိုတာ ရဲဘော်တို့အသိပဲ ဖြစ်တယ်။
ရဲဘော်တို့-
လွတ်လပ်ရေးပင် ရငြားသော်လဲ သွေးစည်းညီညွတ်မှုကို အပြည့်အ၀မရခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်စွမ်းမရှိ ဖြစ်ခဲ့ရတယ်။ လမ်းတံတားတွေဟာ ရှေ့ကဆောက် နောက်ကဖျက်ရဲ့ အရာမထင်ဖြစ်ခဲ့ရတယ်။ထို့အတူပဲ စာသင်ကျောင်းတွေ ဖျက်ဆီးခြင်းခံရပြီး ပညာရေးနဲ့ ကျန်းမာရေး ၀န်ထမ်းတွေလဲ မသွားရဲ မလာရဲဖြစ်တာကြောင့် နယ်စွန်နယ်ဖျား ဒေသနေ တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး ၀န်ထမ်းတွေလဲ မသွားရဲ မလာရဲဖြစ်တာကြောင့် နယ်စွန်နယ်ဖျားဒေသနေ တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးမှာ အထူးအထိခိုက်ခဲ့ရတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုဟာ နောက်ကျကျန်ခဲ့ရတာ ဖြစ်တယ်။
ရဲဘော်တို့-
ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့တာဝန်ကို ယူလိုက်ရတဲ့ အချိန်ကစပြီး နယ်စပ်ဒေသများပါမကျန် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို တစ်ပြည်လုံးမှာ လက်ညှိးထိုးမလွဲအောင် တည်ဆောက်ပေးထားပြီးဖြစ်တယ်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး(၁၇)ဖွဲ့နဲ့ အဖွဲ့ငယ်အများအပြားဟာ ဥပဒေဘောင်အတွင်း ၀င်ရောက်လာပြီး ဒေသဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်လျက်ရှိကြတယ်။ ယခုအချိန်မှာ တိုင်းရင်းသားပြည်သူတွေဟာ ငြိမ်းချမ်းမှုရဲ့ အရသာကို ခံစားနေကြရပြီဖြစ်တယ်။
ရဲဘော်တို့-
လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝမှုနဲ့ ပတ်သက်လို့ ဆက်လက်ပြောကြားလိုတယ်။ လက်ရုံးရည်နဲ့ နှလုံးရည်ဆိုတာ အတူယှဉ်တွဲ ပြည့်စုံရမယ့် အရည်အသွေးတွေပဲ ဖြစ်တယ်။ မျိုးချစ်တပ်မတော်သားတွေဖြစ်တဲ့ ရဲဘော်တို့ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ကြံ့ခိုင်သန်စွမ်းပြီး စစ်ပညာတတ်မြောက်ရမယ်။ ထို့အတူပဲ သတ္တိ ဗျတ္တိရှိပြီး ရန်သူကို ချေမှုန်းလိုတဲ့ စိတ်ဓာတ်လည်း ရှိရမယ်။ စစ်မြေပြင်မှာ ကိုယ်တတ်ကျွမ်းတဲ့ ဆေးပညာနဲ့ တာဝန်ထမ်းဆောင်နိုင်သလို လိုအပ်ရင် တပ်ကိုကိုင်တွယ်ပြီး တိုက်ပွဲဝင်နိုင်စွမ်းရှိရမယ်။ ဒါကြောင့် ရဲဘော်တို့ကို အဆင့်နဲ့လျော်ညီစွာ ခြေလျင်တပ်စုမှူး သင်တန်း၊ ခြေလျင်တပ်ခွဲမှူးသင်တန်းနဲ့ ခြေလျင်တပ်ရင်းမှူးသင်တန်းတွေမှာ ဆက်လက်လေ့ကျင့်ပေးဦးမှာ ဖြစ်တယ်။
ရဲဘော်တို့-
တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတည်းက စစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသလို သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်တွေ ရခဲ့ကြတဲ့ သာဓကရှိတယ်။ တိုင်းပြည်အတွက် အသက်နဲ့ ခန္ဓာကို စွန့်လှူထားပြီးဖြစ်တဲ့ ရဲဘော်တို့ဟာ မိုက်ရူးရဲမဟုတ်ဘဲမှန်ကန်တဲ့ စွန့်လွှတ်စွန့်စားရဲမှုမျိုး ရှိရမယ်။ ခြေလျင်တပ်ရင်းများနဲ့ တွဲဖက်ပြီး စစ်မြေပြင် ဆေးအကာအကွယ်ပေးရေး တာဝန်တွေကို ထမ်းဆောင်ကြရမှာဖြစ်တဲ့ ရဲဘော်တို့ဟာ တိုက်ခိုက်ရေး အတွေ့အကြုံတွေကို လိုလိုလားလားရယူမယ်ဆိုတဲ့ တပ်မတော်သားကောင်းစိတ်ဓာတ် ရှိကြဖို့လိုတယ်။
ရဲဘော်တို့-
တပ်မတော်သားကောင်းများ ဖြစ်ကြဖို့အတွက် ရဲဘော်တို့ဟာ စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာ စောင့်ထိန်းကြရမယ်။ ထို့အတူပဲ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဆိုတဲ့ တပ်တိုင်း၊ ရဲဘော်တိုင်းမှာရှိရမယ့် အခြေခံအရည်အချင်း ငါးပါးနဲ့လဲ ပြည့်စုံရမယ်။ တပ်မတော်ရဲ့ အစဉ်အလာ(၁၂)ရပ်ကို ဆက်လက်သယ်ပိုးလိုစိတ်ရှိရမယ်။ ဒါမှသာ စစ်တိုက်ရန်၊ လေ့ကျင့်ရန်နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုတဲ့ ဒို့တပ်မတော်ရဲ့ အဓိကတာဝန်ကြီး သုံးရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။
ထို့အတူပဲ မိမိတို့ထမ်းဆောင်ရတဲ့ ဆေးပညာနဲ့ ပတ်သက်ရင်လဲ ထူးခြားတဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားရမယ်။ မသိနားမလည်သေးတဲ့ ဘာသာရပ်ဆိုင်ရာ အခက်အခဲတွေတွေ့ရင် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေဆီကနေ လေ့လာရမယ်။ ဒါ့အပြင် မိမိအကာအကွယ်ပေးရတဲ့ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ၊ မိဘပြည်သူတွေနဲ့ ပတ်သက်ရင် တစ်ဦးချင်းရဲ့ ကျန်းမာရေးအမှတ်တမ်းတွေကို မမေ့မလျော့ လေ့လာမှတ်သားထားပြီး အစဉ်တစိုက် စောင့်ရှောက်မှုမျိုးကို ဆောင်ရွက်ပေးရမယ်။
ရဲဘော်တို့-
ယနေ့တပ်မတော်ဟာ နိုင်ငံတစ်ဝန်းလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်တက်ဖို့အတွက် စီမံကိန်းကြီးသုံးရပ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိတယ်။ အဲဒီစီမံကိန်းကြီးသုံးရပ်ကတော့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အထူးဒေသကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့ပဲ ဖြစ်တယ်။
ရဲဘော်တို့ဟာ ရောက်ရာဒေသမှာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း တစ်ဖက်ကလဲ မိဘပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီး(၃)ရပ်ရဲ့ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍာမှာ ပါဝင်ထမ်းဆောင်ကြဖို့ မှာကြားလိုက်တယ်။
ရဲဘော်တို့-
နိဂုံးအားဖြင့် မှာကြားရရင်-
-ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး အသက်ပေး ကာကွယ်စောင့်ရှောက်ကြပါ။
-လက်ရုံးရည် နှလုံးရည်နဲ့ပြည့်ဝတဲ့ တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြပါ။
-စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာ စောင့်ထိန်းကြပါ။
-တပ်တိုင်း ရဲဘော်တိုင်းမှာ ရှိရမယ့် အခြေခံ အရည်အချင်းငါးပါးနဲ့ ပြည့်စုံအောင် ကြိုးစားကြပါ။
-စစ်မြေပြင် အတွေ့အကြုံ ကြွယ်ဝအောင် ဖြည့်ဆည်းကြပါ။
-မိဘပြည်သူတွေကို လုပ်ကျွေးပြုစုရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြပါ။
-သူနာပြုနဲ့ ဆေးဝါးပညာဆိုင်ရာ ပါရဂူမြောက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာ ဆည်းပူးကြပါလို့ မှာကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

1 comment:

Bendz said...

Hi,

Nice old pictures.
Need translator.

Nice blog and keep blogging...

Wish you this new year gives you health and wealth.

:-)
Insurance