
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဖေဖေါ်ဝါရီ ၁၅ ရက် က ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာ အုပ်စုသို့ ရောက်ရှိပြီး ပတ်ဝန်းကျင် ကျေးရွာခုနစ်ရွာတို့မှ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဝန်ကြီးသည် သံတွဲမြို့နယ် ကမ်းဒေးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပတ်ဝန်းကျင် ကျေးရွာငါးရွာမှ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများအား လည်းကောင်း၊ တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာ၌ ကိုင်းရှည်ကျေးရွာနှင့် နတ်မောက်ကျေးရွာတို့မှ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများအားလည်းကောင်း တွေ့ဆုံပြီး ကိုင်းရှည်-နတ်မော်ချောင်းကူးတံတားကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးသည် ဖေဖေါ်ဝါရီလ ၁၆ ရက်က တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာစာကြည့်တိုက်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဝန်ကြီးသည် ကျေးရွာစာကြည့်တိုက်နှင့် ကျေးလက်အိတ်ချိန်းကို ကြည့်ရှုစစ်ဆေးပြီး ကင်းတောင်ကျေးရွာ၌ ပတ်ဝန်းကျင်ကျေးရွာသုံးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံသည်။
ထို့နောက် ဝန်ကြီးသည် တောင်ကုတ်မြို့နယ် ဆားပြင်စံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန် ပန္နက်တင်ပေးကာ ဆားပြင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာပြည်သူများအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment