ထိုင်းနိုင်ငံထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်မှူးကြီးမောင်အေး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Anupong Paojinda ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ ညနေ ၆နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးသာအေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဦးဉာဏ်ဝင်း၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာဘန်စန်းဘွန်နတ်ခ်၊ စစ်သံမှူး Colonel Ekachai Harnpoonvittaya နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲ မသုံးဆောင်မီနှင့် ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
ဂုဏ်ပြုညစာ သုံးဆောင်အပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Anupong Paojinda တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများကို အပြန်အလှန် ပေးအပ်ကြသည်။
ယင်းနောက် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Anupong Paojinda က ဧည့်ခံ ဖျော်ဖြေကြသော အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

No comments:
Post a Comment