Monday, May 11, 2009

ကိုကိုးကျွန်းသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ၀န်ထမ်းများနှင့် ခရီးသည်များအား တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့် တွေ့ဆုံမှာကြား ထောက်ပံ့ငွေချီးမြှင်

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးဝင်းမြင့်သည် မေ ၈ရက်မွန်းတည့် ၁၂နာရီက သာကေတမြို့နယ်ရှိ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတား ခရီးသည်ခန်းမဆောင်၌ ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက် တာဝန်ထမ်းဆောင် ကြမည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ခရီးသည်များအား တွေ့ဆုံ၍ အမှာစကားပြောကြားပြီးထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
ရန်ကုန်တိုင်း ကျန်းမာရေးကော်မတီက ကြီးမှူးကျင်းပသော ကမ္ဘာ့လူတုပ်ကွေးရောဂါအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို မွန်းလွဲ ၁နာရီခွဲက စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပရာ တိုင်းမှူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တိုင်းကျန်းမာရေးဦးစီးဌာနမှူးက ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ပြီး တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ၀က်တုတ်ကွေးရောဂါနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ညနေ ၃နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေရာဝင်းအတွင်းရှိ အဆောက်အအုံခန်းမ၌ ကျင်းပရာတိုင်းမှူးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အလှူငွေပေးအပ်
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဂုဏ်ပြု အမှာစကားပြောကြားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားအပြီးတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ခန်းမအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြသထားသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြ ကြောင်းသတင်းရရှိသည်။

No comments: