Monday, May 11, 2009

လှော်ကားသစ်တောကြိုးဝိုင်းနှင့် လှော်ကားဥယျာဉ်အတွင်း သစ်တောကြိုးဝိုင်း သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများ


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ကြည့်ရှုစစ်ဆေး
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ယမန်နေ့မွန်းလွဲ ၂နာရီက လှော်ကားသစ်တော ကြိုးဝိုင်းနှင့် လှော်ကားဥယျာဉ်အတွင်း သစ်တောကြိုးဝိုင်းများ ပြုစုထိန်းသိမ်းစောင့်ရှောက်ထားမှု၊ သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်မြောက်ပိုင်း ခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်-လှော်ကားရွာ ကားလမ်းဘေးရှိ လှော်ကားဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ရှေးဦးစွာ တိုင်းသစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးက လှော်ကား သစ်တောကြိုးဝိုင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ သစ်တောဦးစီးဌာန သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လှော်ကားဥယျာဉ်အုပ်ချုပ်ရေးမှူးက တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းပြုစုစောင့်ရှောက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက သဘာဝပတ်ဝန်း ကျင် မပျက်စီးစေဘဲ ဥယျာဉ်အား အဆင့်မြင့် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် လှော်ကား ဥယျာဉ်အတွင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု၊ သားငှက် တိရစ္ဆာန်ထိန်းသိမ်းပြုစုစောင့်ရှောက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments: