Sunday, March 9, 2008

ရုရှားသမ္မတ ရွေးချယ်ပွဲတွင် မက်ဗီဒက်ဗ်အောင်ပွဲခံ

ရုရှားနိုင်ငံတွင် မတ် ၂ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်များအရ ရုရှားနိုင်ငံ ပထမ ၀န်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ် အနိုင်ရရှိကြောင်း မတ် ၇ ရက်တွင် ရွေးကောက်ပွဲအာဏာပိုင်များက တရားဝင် ထုတ်ပြန်ကြေညာသည်။
မက်ဗီဒက်ဗ်သည် သတ်မှတ်အဆင့် ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး မဲအရေတွက် ၇၀ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် သမ္မတရွေးကောက်ပွဲကို အောင်နိုင်ခဲ့ကြောင်း မော်စကိုမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရုရှားရွေးကောက်ပွဲကျင်းပရေး ဗဟိုကော်မရှင် (စီအီးစီ) မှ ဒုတိယဥက္ကဌ စတာနီစလက်ဗ်ဗာမီလို့ဗ်က ပြောကြားသည်။
မတ် ၂ ရက်ကကျင်းပသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးမဲရလဒ်ကို ရွေးကောက်ပွဲကျင်းပရေးအဖွဲ့က မတ် ၇ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ ပထမ၀န်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က အဆိုပါ ရွေးကောက်ပွဲ၌ အနိုင်ရရှိကြောင်း အတည်ဖြစ်လာသည်။
အသက်(၄၂)နှစ်ရှိ မက်ဗီဒက်ဗ်သည် ရုရှားနိုင်ငံတွင် အသက်အငယ်ဆုံးသမ္မတဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်သည် နောက်ဆုံးမဲဆန္ဒရလဒ်များကို တရားဝင်ကြေညာခဲ့ပြီးနောက် ရုရှား တူဒေးရုပ်သံ၌ ၎င်းအားထောက်ခံသူများကို မက်ဗီဒက်ဗ်က နှုတ်ခွန်းဆက်ခဲ့ပြီး ပြည်သူများ၏ ဘ၀တိုးတက်ရေးအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူများတွင် ကွန်မြူနစ်ပါတီခေါင်းဆောင် ဂျန်နာဒီဇူဂါနော့ဗ်က ၁၇ ဒသမ ၇၂ ရာခိုင်နှုန်း ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဗလာဒီမာဇိုင်ရင်နော့စကီးက ၉ ဒသမ ၃၆ ရာခိုင်နှုန်း နှင့် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် အန်ဒရေဘိုဒါနို့ဗ်က မဲအရေအတွက်၏ ၁ ဒသမ ၂၈ ရာခိုင်နှုန်းသာ ရရှိခဲ့ကြသည်။
ရွေးကောက်ပွဲ၌ မဲပေးသူ အရေအတွက်သည် ၇၄ ဒသမ ၇၅ ဦး ရှိသည်။ (သို့မဟုတ်) မဲပေးပိုင်ခွင့်ရှိသူ၏ ၇၀ ရာခိုင်နှုန်းတို့ လာရောက်မဲပေးကြသည်ဟု ဆိုသည်။
ရွေးကောက်ပွဲတွင် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ဦးရေသည် ၁၀၉ သန်းရှိသည်။ မဲပေးရာ၌ ဝေးလံသီခေါင်သော ဒေသများတွင် နေထိုင်သူများအတွက် မဲပေးပွဲကို မတ် ၂ ရက် ရွေးကောက်ပွဲနေ့မတိုင်မီ ရက်သတ္တပတ်နှစ်ပတ်ခန့်ကတည်းက ကြိုတင်မဲပေးပွဲ ကျင်းပပေးခဲ့သည်။
ယခု ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သူ မက်ဗီဒက်ဗ်သည် ပူတင်၏ မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့ပြီး ဖြစ်သည်။
၎င်းသည် ဥပဒေ ပါမောက္ခဟောင်းတစ်ဦးဖြစ်ပြီး ပူတင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို မေ ၇ ရက်တွင် ကျင်းပမည်ဟု မျှော်လင့်ရကြောင်း သတင်း၌ ဖော်ပြထားသည်။

No comments: