Thursday, March 6, 2008

အမေရိကန်စစ်ဌာနချုပ်၏အစီရင်ခံစာတရုတ်အစိုးရရှုတ်ချ

အမေရိကန်စစ်ဌာနချုပ်က အမေရိကန် အောက်လွှတ်တော်သို့ တင်သွင်းသည့် နှစ်ပတ်လည် အစီရင်ခံစာကို တရုတ်အစိုးရက ရှုတ်ချလိုက်သည်။ ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အင်အားကို ဖော်ပြထားရာ တရုတ်အစိုးရက ယင်းအစီရင်ခံစာက အချက်အလက်များကို ပုံကြီးချဲ့ ဖော်ပြပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စတွင် ၀င်ရောက်စွက်ဆက်ကာ စစ်အေးခေတ်က အတွေးအခေါ်အချို့ကို ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ဂန်က ပြောကြားသည်။ တရုတ်အစိုးရ က ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ အမေရိကန်အစိုးရသို့ တည်ငြိမ်လေးနက်စွာ တင်ပြခဲ့ပြီး တရုတ်နိုင်ငံက ဆိုင်ဘာ ထိုးစစ်တွင် ပါဝင်မှုမရှိခဲ့ကြောင်း ကင်ဂန်က ထပ်လောင်းပြောကြားသည်။ အမေရိကန်၏ အစီရင်ခံစာ သည် တရုတ်နိုင်ငံက ခြိမ်းခြောက်မှု အန္တရာယ်တစ်ရပ် ဖြစ်နေသည်ဟူသည့် အဆိုပါဘက်မှ သံယောင်လိုက် ဖော်ပြထားပြီး လက်ရှိအချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စတွင် ၀င်ရောက်စွက်ဖက်ခြင်းသာ ဖြစ်သည်ဟု ကင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ အမေရိကန် အနေဖြင့် စစ်အေးကာလ အတွေးအခေါ်များကို စွန့်လွှတ်ရန် မိမိတို့က တောင်းဆိုပြီး တရုတ်နိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုကို မှန်မှန်ကန်ကန် အသိအမှတ်ပြုကာ အစီရင်ခံစာ၏ မှားယွင်းဖော်ပြမှုများကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုထားပြီး ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အလွန်အမင်း ကျေနပ်မှုမရှိဟု ကင်က ပြောကြားသည်။

No comments: