အမေရိကန်ရွေးကောက်ပွဲအတွက် အကြိတ်အနယ်ကြိုးပမ်းနေကြသည့် ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက် လွှတ်တော်အမတ် ဟီလာရီကလင်တန်နှင့် အထက်လွှတ်တော်အမတ် အိုဘားမားတို့သည် ပင်ဆယ်ဗေးနှီးယား ပြည်နယ် အကြိုရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ကြသည်။
ပင်ဆယ်ဗေးနီးယားပြည်နယ် အကြိုရွေးကောက်ပွဲမှာ ဧပြီ ၂၂ရက် အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးစလုံး အတွက် အရေးကြီးသည်။ အထူးသဖြင့် ဟီလာရီကလင်တန်အတွက် ပို၍ အရေးကြီးသည်။ လောလောဆယ်တွင် အိုဘားမားက ညီလာခံကိုယ်စားလှယ် ထောက်ခံမဲ ၁၆၃၈မဲ ရထားပြီး ဟီလာရီကလင်တန်က ညီလာခံကိုယ်စားလှယ်မဲ ၁၅၀၂မဲသာ ရသေးသည်။
အလုပ်သမားလူတန်းစား မဲဆန္ဒရှင်များသည် စိတ်ပျက်ဖွယ်အကျပ်အတည်းဖြင့် ကြုံလာသည့်အခါများတွင် သေနတ်နှင့် ဘာသာရေးကို အားကိုးအားထားပြုကြသည်ဆိုသော မကြမီက အိုဘားမား၏ ပြောကြားချက်ကို ဟီလာရီကလင်တန်က အတော်စော်ကားသည့် ကောက်ချက်ဟု ဝေဖန်ထောက်ပြလိုက်သည်။ ဟီလာရီ ကလင်တန်က ၁၉၉၆ခုနှစ်တွင် အိမ်ဖြူတော်၌ သမ္မတကတော်ဘ၀ဖြင့် ဘော့စနီးယားသို့ သွားရောက်စဉ် လက်ဖြောင့်တပ်သားတို့၏ အန္တရာယ်ကြားမှ စွန့်စွန့်စားစား သွားခဲ့ရကြောင်း မှားယွင်းပြောကြားမိပါသည်ဟု မဲဆန္ဒရှင်များအား ၀န်ချတောင်းပန်လိုက်သည်။
ရီပတ်ဘလီကင် သမ္မတလောင်း ဂျွန်မတ်ကိန်း၏ စီးပွားရေးရာ မူဝါဒများနှင့်ပတ်သက်၍မူ ဟီလာရီရော၊ အိုဘားမားကပါ ဝေဖတ်ပြောကြားကြသည်။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀၀၀၀ မပြည့်သူုများအပေါ် အမြတ်ခွန် မကောက်ဟု ကတိပြုကြသည်။
နိုဝင်ဘာလဆန်း ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကင် သမ္မတလောင်း ဂျွန်မတ်ကိန်းကို အနိုင်ရ အောင်ပွဲဆင်နိုင်မည်ဟု ယုံကြည်ကြောင်း နှစ်ဦးစလုံး ထုတ်ဖော်ပြောကြားသည်။ ပင်ဆယ်ဗေးနှီးယားပြည်နယ် အကြိုရွေးကောက်ပွဲတွင် အိုဘားမားကို ဟီလာရီကလင်တန်က အနိုင်ရမည်ဖြစ်ကြောင်း ကြိုတင်မေးမြန်းသည့် ပြည်သူ့ဆန္ဒသဘောထား ကောက်ယူချက်စစ်တမ်းများက ဖော်ပြလျက်ရှိသည်။

No comments:
Post a Comment