Sunday, May 18, 2008

စေတနာရှင်များပေးပို့ လှူဒါန်းသောပစ္စည်းများ လေဘေးသင့်ပြည်သူများထံ အချိန်မီရောက်ရှိသုံးစွဲ၊ အလှူရှင်များကို မျက်မြင်ကိုယ်တွေ့ ပြသရန်ဖိတ်ခေါ်

အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီက ၂၀၀၈ခုနှစ်၊ မေ ၁၇ရက်တွင် သတင်းထုတ်ပြန်ချက် အမှတ်(၂)ကို ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

သတင်းထုတ်ပြန်ချက် အမှတ်(၂)

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြင်းထန်သော နာဂစ်မုန်တိုင်းဒဏ်ကို ခံစားရသဖြင့် ပြည်တွင်း၊ ပြည်ပ စေတနာရှင်များက ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများကို အချိန်နှင့်အမျှ ပေးပို့လှူဒါန်းလျက် ရှိကြပါသည်။

၂။ ထိုသို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့က စာရင်းဇယားများဖြင့် စနစ်တကျ လက်ခံပြီး ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး ဆပ်ကော်မတီက သက်ဆိုင်ရာ လေဘေးသင့်ဒေသများသို့ အချိန်မဆိုင်း ဆက်လက်ပေးပို့ခဲ့ရာ ၂၀၀၈ခုနှစ်၊ မေလ(၁၆)ရက်နေ့အထိ အောက်ပါအတိုင်း ပေးပို့ပြီင်္း ဖြစ်ပါသည်-

(က) တပ်မတော်(လေ)မှ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် အစားအသောက်၊ ဆေးဝါး၊ ရေသန့်ဘူးများ၊ အ၀တ်အထည်နှင့် မိုးကာတဲများ (၃၆၃ ဒသမ ၉၂၄)တန်။
(ခ) တပ်မတော်(ရေ)မှ သင်္ဘောများဖြင့် အစားအသောက်၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်း၊ အ၀တ်အထည်နှင့် မိုးကာတဲများ (၈၇၂ ဒသမ ၈)တန်။
(ဂ) တပ်မတော် မော်တော်ယာဉ်များဖြင့် အစားအသောက်၊ ဆေးဝါး၊ ရေသန့်ဘူးများ၊ အိမ်ဆောက်ပစ္စည်းများ၊ ရေသန့်စက်များ၊ အ၀တ်အထည်နှင့် မိုးကာတဲများ (၁၄၇၁ ဒသမ ၅)တန်။
(ဃ) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောများဖြင့် အစားအသောက်၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်း၊ အ၀တ်အထည်နှင့် မိုးကာတဲများ (၂၉၀၅ ဒသမ ၅ )တန်။
(င) ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်း (၃၅)ဖွဲ့က ဒေသအလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေးပစ္စည်းများ နေ့စဉ်မော်တော်ယာဉ် အစီး(၅၀၀)ကျော်။

၃။ ဤကဲ့သို့ လေဘေးကယ်ဆယ်ရေးပစ္စည်းများကို ပေးပို့ဖြန့်ဝေရာတွင် နေရာဒေသ အနှံအပြားသို့ ရုတ်ခြည်း ကွက်လပ်မကျန်ရောက်ရှိရန် ခက်ခဲသော်လည်း မလိုအပ်သော ကြန့်ကြမှုများ ဖြစ်ပေါ်ခြင်း လုံးဝ မရှိစေရေးအတွက် ရှေ့တန်းစခန်းများနှင့် အလယ်တန်းစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၎။ သို့ပါ၍ ပြည်တွင်း၊ ပြည်ပစေတနာရှင်များက ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများသည် လေဘေးသင့်ပြည်သူများထံ အချိန်မီရောက်ရှိသုံးစွဲလျက် ရိှပါကြောင်းနှင့် ထိုသို့ အကျိုးဖြစ်ထွန်းမှုကို မေလ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ပြည်ပ ဧည့်သည်တော်များ၊ ပြည်တွင်း အခြေစိုက် သံတမန်များ၊ INGO အဖွဲ့ဝင်များနှင့် ဥရောပ သမဂ္ဂ ကော်မရှင်နာတို့ကို ပြသပြီးဖြစ်သည့်အပြင် ထပ်မံ၍ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြည်ပအလှူရှင်နိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များ ၊ INGO နှင့် ပုဂ္ဂလိက အလှူရှင်များကို မျက်မြင်ကိုယ်တွေ့ပြသရန်လည်း ဖိတ်ခေါ်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရက်စွဲ၊ ၁၇-၅-၂၀၀၈။
နေရာ၊ နေပြည်တော်။
အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး
ဗဟိုကော်မတီ

No comments: