အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီက ၂၀၀၈ ခုနှစ် မေ ၁၇ရက်တွင် သတင်းထုတ်ပြန်ချက် အမှတ်(၁)ကို ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -
သတင်းထုတ်ပြန်ချက် အမှတ်(၁)

၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ၂၀၀၈ခုနှစ်၊ မေလ(၂)ရက်နှင့်(၃)ရက်နေ့များ၌ ပြင်းထန်သော နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်း၊ ပင်လယ်ကမ်းခြေဒေသများတွင် အသက်အိုးအိမ်ဆုံးရှုံးမှု ကြီးမားစွာ ခံစားခဲ့ရပြီး ရန်ကုန်တိုင်းတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
၂။ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအစည်းအဝေးကို မေလ(၃)ရက်နေ့ နံနက်(၈)နာရီခွဲတွင် နေပြည်တော်၌ ကျင်းပပြီးနောက် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော ပြည်သူများကို အမျိုးသားအဆင့် အနီးကပ် ကယ်ဆယ်စောင့်ရှောက်ရန်အတွက် ကော်မတီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကော်မတီဝင် ၀န်ကြီးများသည် လေဘေးသင့်ဒေသများသို့ ချက်ချင်း သွားရောက်ခဲ့ကြပါသည်။
၃။ နိုင်ငံတော်အနေဖြင့် ကနဦး မတည်ငွေ ကျပ်(၅)ဘီလီယံကို ချက်ချင်းခွင့်ပြုခဲ့ပြီး ယခုအထိ ကျပ်(၂၀)ဘီလီယံကျော် သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။ ၄င်းအပြင် ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ ပေးပို့လှူဒါန်းမှုများကိုလည်း မဆိုင်းမတွ လက်ခံခဲ့ရာ အောက်ပါအတိုင်း ရရှိခဲ့ပါသည်-
(က) ပြည်တွင်မှ လှူဒါန်းမှု (မေ ၁၆ရက်နေ့အထိ) ငွေကျပ် (၅ဒသမ ၅၈၈) ဘီလီယံနှင့် ပစ္စည်းတန်ဖိုးငွေကျပ် (၁ဒသမ ၇၉) ဘီလီယံ စုစုပေါင်းငွေကျပ် (၇ဒသမ ၃၇၈) ဘီလီယံ။
(ခ) ပြည်ပမှ လှူဒါန်းမှု (မေ ၁၆ရက်နေ့အထိ) အမေရိက်ဒေါ်လာ (၁ဒသမ ၆၂)သန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း (၂၀၉၆ ဒသမ ၇၁)တန် ။
၎။ သို့သော် အချို့သော ပြည်ပသတင်းဌာနများက သတင်းမှားများကို ဖြန့်ချီခဲ့ကြသဖြင့် သတင်းမှန် မရရှိသော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းအချို့အနေဖြင့် နိုင်ငံတော်အစိုးရသည် လေဘေး ကယ်ဆယ်ရေး အကူအညီများကို ငြင်းပယ်ဟန့်တားလျက်ရှိသည်ဟု ထင်မြင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူများကသာ သတင်းမှန် ဖြစ်ရပ်မှန်ကို သိရှိခဲ့ကြပါသည်။
၅။ သို့ပါ၍ နိုင်ငံတော် အစိုးရနှင့် မြန်မာပြည်သူများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များအတွက် အလှူငွေနှင့် ပစ္စည်းများကို ကျေးဇူးတင်စွာ လက်ခံရယူလျက်ရှိပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ရက်စွဲ၊၁၇-၅-၂၀၀၈
နေရာ၊ နေပြည်တော်

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး
ဗဟိုကော်မတီ
No comments:
Post a Comment