စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်လွန်းသီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ မြန်မာနိုင်ငံ အခြေစိုက်နှင့် မြန်မာနိုင်ငံ၌ ခေတ္တရောက်ရှိနေကြသော၊ ပြည်ပအခြေစိုက် နိုင်ငံခြားသံရုံများမှ သံတမန်များ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့(၁)သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာ လေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း မုန်တိုင်းကျရောက်ခဲ့မှု အခြေအနေများနှင့် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော် ၀န်ကြီးချုပ် ဦးဆောင်၍ ဗဟိုကော်မတီ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း၍ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များသည် ကယ်ဆယ်ရေး စခန်းရှိ ကွပ်ကဲမှုရုံး၊ ဆိုလာဓါတ်အားပေးစနစ် တပ်ဆင်ထားမှု၊ ရွက်ဖျင်တဲများတွင် လေဘေးသင့်မိသားစုများအား စနစ်တကျ နေရာချထားမှုနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးထားမှု၊ မီးစက်ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးမှု၊ ဆေးပေးခန်း၊ ရေသန့်စင်စက်နှင့် အ၀ီစိတွင်းများဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးထားမှု၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ တည်ဆောက်ပေးထားမှုများကို လှည့်လည်ကြည့်ရှု့ လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။