ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် စစ်ရေးချုပ် ဗိုလ်ချုပ်သူရမြင့်အောင်၊ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ ယနေ့မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် လပွတ္တာမြို့သို့ရောက်ရှိသည်။
ထို့နောက်ဝန်ကြီးချုပ်သည် လပွတ္တာမြို့သို့ရောက်ရှိလေ့လာနေကြသည့် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံ၏ သံရုံးများမှ သံတမန်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းနောက် လပွတ္တာမြို့ ဘုရင့်နောင်ရိပ်သာ၌ လပွတ္တာမြို့နယ် ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်လျက်ရှိသည့် သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်တင်ထွတ်က လေဘေးသင့်ပြည်သူများအတွက် ရန်ကုန်မြို့မှတဆင့် ရောက်ရှိလာသော ပြည်တွင်းပြည်ပမှ လှူဒါန်းထားသည့် ပစ္စည်းများကို ရှေ့တန်းကယ်ဆယ်ရေး စခန်းများသို့ အမြန်ဆုံးရောက်ရှိအောင် စီစဉ်ဆောင်ရွက်ပေးပြီး ဖြန့်ဝေပေးမှု အခြေအနေ၊ လေဘေးသင့်ပြည်သူများ၏ စားရေး၊ နေရေး ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးမှု၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျောင်းများနှင့် ရုံးဌာန အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေက တိုင်းအတွင်းရှိမြို့၊ရွာများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ၀န်ကြီးချုပ်သည် လပွတ္တာမြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ဆက်သွယ်အသုံးပြုရန်အတွက် CDMA-450 စနစ်သုံး တယ်လီဖုန်းများကို ၀န်ကြီး ဗိုလ်ချုပ်တင်ထွတ်ထံ ပေးအပ်သည်။
ဆက်လက်၍ မက်စ်(မြန်မာ)ကုမ္ပဏီမှ ဦးဇော်ဇော်က လပွတ္တာမြို့ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထပ်မံမှာကြားသည်။
ထို့နောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြပြီး ရေယာဉ်ဖြင့် ရောက်ရှိလာသည့် ဆောက်လုပ်ရေးပစ္စည်းများအပါအ၀င် ပြည်တွင်း၊ ပြည်ပမှ ဆက်လက်ပေးပို့ လှူဒါန်းကြသည့် ပစ္စည်းများ သယ်ချနေမှုများကို ကြည့်ရှု့စစ်ဆေးကြသည်။

No comments:
Post a Comment