ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခေတ်မီလယ်ယာစိုက်ပျိုးရေး (စံပြလယ်ယာစနစ်)သို့ ဒီဇင်ဘာလ ၁၆ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလုပ်ငန်းသည် ဒေသခံတောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော စံပြလယ်ယာစနစ်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအတွက် အခြေခံကျသည့် ရေ၊ မြေ သဘာဝအခြေခံကောင်းများနှင့် ပြည့်စုံသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ လူဦးရေအများစုသည်လည်း စိုက်ပျိုးရေးကို အဓိကအားပြုလျက် အသက်မွေးဝမ်းကျောင်းအဖြစ် ဆောင်ရွက်လျက်ရှိကြသည်။
နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်မြင့်မားရေးအတွက် မြေယာစနစ်များဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေအလုံအလောက်ရရှိခြင်း၊ အထွက်နှုန်းတိုးရေး၊ ထွက်ကုန်အရည်အသွေးမြင့်မားရေးတို့အတွက် နည်းလမ်းများ ရှာဖွေဖြည့်ဆည်းပေးလျက်ရှိသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က "စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ အထွက်နှုန်းတိုးတက်ရေး၊ ပြည်ပဈေးကွက်နှင့် အရည်အသွေးကောင်းမွန်ရေးကို ဦးတည်ဆောင်ရွက်သွားရန်လိုကြောင်း၊ အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းသည့် မျိုးများဖြင့် အစားထိုးပြီး ခေတ်မီစိုက်ပျိုးရေးနည်းပညာများဖြင့် ပေါင်းစပ်မည်ဆိုပါက ထွက်ကုန်ပစ္စည်းများ အရည်အသွေးမီ ဈေးကောင်းရရှိလာမည်ဖြစ်ကြောင်း" မှာကြားခဲ့သည်။
စံပြစိုက်ပျိုးရေးအထူးဇုန်အတွက် ယန္တရားနှင့်စက်ပစ္စည်းကိရိယာများ စုဆောင်းထားရှိပြီးဖြစ်သည့်အပြင် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ မြေယာကွက် ဖော်ထုတ်မှုလုပ်ငန်းများလည်း ပြီးစီးနေပြီဖြစ်သည်။ စိုက်ပျိုးရေး အထူးဇုန်များတွင် နွေစပါးများစိုက်ပျိုးပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်ရန် အစီအမံများလည်း ချမှတ်ပြီးဖြစ်ပေသည်။ စိုက်ပျိုးရေးထွက်ကုန်များကို မျှော်မှန်းချက်များနှင့်အညီ ပြည့်မီစွာထုတ်လုပ်နိုင်ရန် ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ သို့ဖြစ်၍ ဒေသခံတောင်သူလယ်သမားများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် နှစ်ဦးနှစ်ဘက်ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီလယ်ယာစိုက်ပျိုးရေး (စံပြလယ်ယာစနစ်) လုပ်ငန်းများ အောင်မြင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း စွမ်းဆောင်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment