လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အချိုးအစားကြီးမားစွာ ပါဝင်လျက်ရှိရာ နိုင်ငံတော်အစိုးရက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားစေရန် အစီအမံများချမှတ် ဖော်ဆောင်လျက်ရှိသည်။ မြေယာသစ်များဖော်ထုတ်ရေး၊ စိုက်ပျိုရေလုံလောက်စွာရရှိရေး ၊ အထွက်နှုန်းတိုးရေး ၊ ထွက်ကုန်အရည်အသွေး မြင့်မားရေးတို့အတွက် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။
ယခုအခါမြေလွတ်မြေလပ်များစွာရှိသည့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဒေသ၌ ဒေသခံတောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ စိုက်ပျိုးရေးအထူးဇုန်များ ဖော်ထုတ်ပြီး ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေသည်။ အဆိုပါဒေသတွင် မြေယာကွက်များဖော်ထုတ်ခြင်း ၊ ရေပေးမြောင်း၊ ရေထုတ်မြောင်းများ တူးဖော်ခြင်း ၊ လယ်မြေများပြုပြင်ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများ အသုံးပြုဆောင်ရွက်လျက်ရှိသည်။
ဒေသတစ်ခုချင်းအနေဖြင့်ကြည့်ပါက စိုက်ပျိုးရေးလုပ်ငန်းသည် စားနပ်ရိက္ခာဖူလုံပြည့်စုံရေးအတွက်သာမက ဒေသခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးကိုပါ အထောက်အကူပြုနေသည်။ တောင်သူလယ်သမားများ အနေဖြင့် မြေလွတ်မြေရိုင်းများ တိုးချဲ့ဖော်ထုတ်ခြင်း ၊အရည်အသွေးကောင်း အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း ၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ အသုံးပြုခြင်းတို့ဖြင့် အကျိုးကျေးဇူး ပိုမိုရရှိကြမည်ဖြစ်သည်။
နိုင်ငံတော်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေရရှိရေး ၊ သီးနှံလေလွင့် ပျက်စီးဆုံးရှုံး မှုနည်းပါးရေး ၊ လယ်ယာသုံးစက် ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာရေး အပါအ၀င် စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီနေသည်။ ဆန်စပါးထုတ်လုပ်မှုမှာ နိုင်ငံ လူဦးရေနှင့် စားသုံးမှုအခြေအနေအရ ဖူလုံပိုလျှံနေသော်လည်း အခြားသော ဆန်စပါးထွက်ရှိတင်ပို့မှု အားကောင်းသည့် နိုင်ငံများကဲ့သို့ တိုးတက်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။
ဆန်စပါးကိုသာမက ပြည်ပဈေးကွက်ရှိသည့် ပဲ၊ပြောင်း၊ နှမ်း စသည့်သီးနှံတို့ကိုပါ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး အလေးထားလုပ်ကိုင်သွားကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးဆိုင်ရာ အားပေးကူညီမှုများနှင့်အတူ အရည်အသွေးကောင်း အထွက်နှုန်းတိုးသီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ့စီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

No comments:
Post a Comment