Friday, December 19, 2008

ကျန်းမာသန်စွမ်းသည့် နိုင်ငံ့သားကောင်းများဖြစ်ရန်ကြိုးပမ်း ထိရောက်သောကာကွယ်မှုဖြင့် ရောဂါဘယကင်းဝေးရန် ပြုမူနေထိုင်

ကျန်းမာရေးသည် လူသားများအတွက် တန်ဖိုးအထားရဆုံး ရလဒ်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း နိုင်ငံသူနိုင်ငံသားများ ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုသည် တန်ဖိုးမဖြတ်နိုင်သည့် ဂုဏ်ဒြပ်လည်းဖြစ်သည်။ ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုအတွက် ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေထိုင်ရေးနှင့် ရောဂါဘယကင်းရေးကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားပါက ထိရောက်စွာ ကုသမှုပေးခြင်း တို့ကိုဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်အခါမှာ အဓိကရောဂါကြီးခြောက်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော အဆုတ်ရောဂါသည် ကူးစက်ရောဂါပိုးများအနက် လူအသေပျောက်များသော တီဘီရောဂါပိုးဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အသက်၁၅နှစ်မှ ၅၉နှစ်အတွင်း အဖြစ်များသည်။ တီဘီရောဂါသည် စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းသောရောဂါဖြစ်သော်လည်း ယခုအခါ တစ်ကမ္ဘာလုံးတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုကြောင့် တီဘီရောဂါအဖြစ်များလာခဲ့သည်။ သို့သော် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ၌ တီဘီရောဂါပိုးရှိနေသော်လည်း စနစ်တကျကုသမှုကို ခံယူပါက ပျောက်ကင်းနိုင်သည်။
တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိဘဲ မိမိ၏ကိုယ်တွင်းခုခံအား ကောင်းမွန်မှုပေါ်တွင် မူတည်သည်။ မျိုးရိုးလိုက်သော ရောဂါလည်းမဟုတ်။ တီဘီရောဂါပိုးအား ခုခံနိုင်စွမ်းအားစုမှာ ကူးစက်ခံရသူ၏ အသက်အပိုင်းအခြား၊ အာဟာရဓာတ်ပြည့်ဝမှုအခြေအနေ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ မရှိ၊ ကိုယ်တွင်းခုခံစွမ်းအားများကို ဆေးဝါးသို့မဟုတ် ရောဂါကြောင့် ဖိနှိပ်ထားခြင်းခံရမှုရှိ မရှိနှင့် လူမှုစီးပွားရေး အခြေအနေများပေါ်တွင် မူတည်သည်။ ယခုအခါ တီဘီရောဂါနှင့် စပ်လျဉ်း၍ ကုထုံးသစ်များပေါ်ပေါက်လျက်ရှိရာ ရောဂါပျောက်ကင်းမှုသည် ဝေဒနာရှင်များ၏ ဆေးဝါးကုသမှု မှန်ကန်မှု၊ စနစ်တကျကြီးကြပ်မှုပေါ်၌ အဓိကမူတည်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်များ ကုလသမဂ္ဂထောင်စုနှစ်၊ နှစ်ရှည်ရည်မှန်းချက်များကို အမျိုးသားကျန်းမာရေး နှစ်ရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ ကျန်းမာရေးကို ရည်မှန်းချက်အတိုင်း ဖော်ဆောင်လျက်ရှိရာ ရောဂါဖြစ်ပွားခဲ့ပါက ထိရောက်စွာ ကုသမှုကိုခံယူပါလျှင် ရောဂါဘယကင်းပြီး နိုင်ငံတော်အတွက် ကာယစွမ်းအား၊ ဥာဏစွမ်းအား ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: