Friday, December 19, 2008

အမျိုးသားပညာရည် မြင့်မားရေးကြိုးပမ်း စွမ်းဆောင် နိုင်ငံ့သားကောင်း လူရည်မွန်များ ပြုစုပျိုးထောင်

အမျိုးသားပညာရည်မြင့်မားရေး စီမံကိန်းနှင့်လုပ်ငန်းစဉ်များသည် နိုင်ငံ၏ရေရှည်အကျိုးအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဖော်ဆောင်၍ အရည်အချင်းပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းလျက်ရှိသည်။
ယင်းသို့ မျှော်မှန်းဖော်ဆောင်နေသည့် ပညာရေးစီမံကိန်း၏ လုပ်ငန်းစဉ်များတွင် အခြေခံပညာကဏ္ဍ၌ နိုင်ငံသား တိုင်းအခြေခံ ပညာသင်ယူမှုပြီးမြောက်ရေးသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ရည်မှန်းချက်များ အောင်မြင်စေရန် ကျောင်းနေအရွယ် ကလေးတိုင်းပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး ၊ အခြေခံပညာအဆင့်အလိုက် ကူပြောင်းသင်ယူနှုန်း မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပညာရေးကို မဏ္ဍိုင်ပြုပြီး နိုင်ငံတော်သစ်ကို တည်ဆောက်နေသည့်မျက်မှောက်ကာလတွင် အခြေခံဆရာ ဆရာမများ၏ အရည်အသွေး၊ ၀ါသနာ ၊စေတနာနှင့် ၀ီရိယစိုက်ထုတ်မှုသည် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းစေရေးတွင် အဓိကအထောက်အကူပြုနေသည်။ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့၏ တပည့်များအား စာပေပညာသက်သက်သာမက ဗလငါးတန်နှင့်ပြည့်စုံစေရေး သွန်သင်ဆုံးမ ပျိုးထောင်ပေးကြရမည် ဖြစ်သည်။
ယနေ့ နိုင်ငံတကာတွင် နိုင်ငံသူ၊နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအား ၊ စီးပွားဥစ္စာဓန အင်အား၊ နည်းပညာ စွမ်းအားတို့ကို ခိုင်မာစွာတည်ဆောက်နေကြသည်။ ယင်းသို့သောအချိန်အခါတွင် တပည့်လူငယ် လူရွယ်များ၏ ပင်ကိုစွမ်းရည်ကိုဖော်ထုတ်ပေးပြီး ပြောင်းလဲတိုးတက်နေသော ခေတ်နှင့်လျော်ညီသည့် နည်းပညာနျင့် ကျွမ်းကျင်မှုများအပြင် အတွေးအခေါ်၊ အသိအမြင်၊ ဗဟုသုတများ ပြည့်စုံစေရေး စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်သည်။
ထို့ပြင် တပည့် ကျောင်းသားကျောင်းသူများအား စာသင်ခန်းအတွင်းတွင် ထူးချွန်ထက်မြက်ရုံသာမက ကျောင်းတွင်းကျောင်ပြင်၌ အများအကျိုး၊ ရပ်ရွာအကျိုးသယ်ပိုးထမ်းရွက်လိုသည့် လူငယ်လူရွယ်များ ၊ စာရိတ္တပညာ ကောင်းမွန်သည့် လူငယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်၍ ဆရာ၊ ဆရာမများအားလုံးက အမျိုးသား ပညာရည်မြင့်မားရေး ရည်မှန်းချက်နှင့်အညီ မျိုးဆက်သစ်လူငယ်များအား ဘက်စုံ ကဏ္ဍစုံက လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြင့် ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံသားကောင်း လူရည်မွန်များ ပိုမိုဖြစ်ထွန်းပေါ်ထွက်လာမည် ဖြစ်ပါသည်။

No comments: