Friday, April 24, 2009

နာဂစ်အလွန် မြန်မာ့အနုပညာနှင့် ပန်းပုအရောင်းပွဲတော် မြန်မာနိုင်ငံ အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်းနာယကအဖွဲ့ဝင်များ ကြည့်ရှုလေ့လာ

မြန်မာနိုင်ငံ အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်းနာယက အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၏ ဇနီး ဒေါ်မြင့်မြင့်စိုးနှင့် အာဆီယံနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ဇနီးများ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများနှင့် အသင်းသားများပါဝင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆရာစံပလာဇာရှိ ဗဟိုသမ၀ါယမအသင်း နာဂစ်လွန်မြန်မာ့အနုပညာနှင့် ပန်းပုအရောင်းပွဲတော် ပြခန်းများကို လာရောက်ကြည့်ရှု လေ့လာကြသည်။
ဧည့်သည်များအား ဗဟိုသမ၀ါယမအသင်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး အရောင်းပွဲတော်တတိယထပ်၌ အရောင်းပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ Video Side များဖြင့် ရှင်းလင်းပြသကာ မြန်မာတေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ပန်းပုအရောင်းပွဲတော်ကို သင်္ကြန်ပွဲတော်ကာလတွင် ခေတ္တရပ်နားခဲ့ပြီး ဧပြီ ၁၈ ရက်မှ မေ ၇ ရက်အထိ နေ့စဉ် နံနက်၉ နာရီမှ ညနေ ၉ နာရီထိ ဆက်လက်ဖွင့်လှစ် ပြသထားမည်ဖြစ်ကြောင်း သိရသည်။
ပန်းပုအရောင်းပွဲတော် ကျင်းပရာ ဆရာစံပလာဇာအဆောက်အအုံ မြေညီထပ်၌ ပန်းချီ၊ ပန်းပု၊ အနုပညာပစ္စည်းများ၊ ကျောက်ဖြစ် ရုပ်ကြွင်း အင်ကြင်းကျောက်များ၊ ကျောက်စိမ်း ကျောက်မျက်များ၊ ပရိဘောဂအမျိုးမျိုး၊ အသင့်ချုပ်ပြီးအထည်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ရှားပါးစာအုပ်များနှင့် လူသုံးအိမ်သုံးပစ္စည်းများ လွတ်လပ်စွာရောင်းချလျက်ရှိရာ ပြည်တွင်း ပြည်ပ ၀ယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

No comments: