Monday, September 21, 2009

လေထု ရေထု မြေထု သဘာဝပတ်ဝန်းကျုင်တိုးတတ်ကောင်းမွန်ရေး ထိန်းသိမ်းထာဝစဉ်

လူသားများအပါအ၀င် သက်ရှိများအားလုံး၏ပတ်ဝန်းကျင်တွင် လေထု၊ ရေထု၊ မြေထု သစ်ပင်တောတောင် သဘာဝသယံဇာတများ ၀န်းရံနေသည်။ ကမ္ဘာ့လူသားအားလုံးဖူလုံပြည့်စုံစွာ စားသောက်နိုင်ရေး သက်ရှိအားလုံး ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုရှိနေရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ကမ္ဘာတ၀န်း​ လေထုပူနွေးလာမှုနဲ့အတူ ရာသီဥတု ပြောင်းလဲလာလျှက်ရှိသည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မပူလှိုင်းကျရောက်ခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း စသည့်သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုများဖြစ်ပေါ်နေသည်ကို တွေ့မြင်ကြားသိနေရသည်။
ကမ္ဘာကြီးပူနွေးလာမှု၏၉၀ ရာခိုင်နှုန်းသည် လူသားတို့၏လုပ်ရပ်များပေါ်တွင် အခြေခံကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ သဘာဝသယံဇာတများ မဆင်မခြင်ထုတ်ယူသုံးစွဲခြင်း၊ စားသုံးမှုအမျိုးမျိုး၊ ထုတ်လုပ်မှု အထွေထွေတို့မှ အမှိုက်သရိုက်၊ အဆိပ်အတောက်ဖြစ်စေသည့်ပစ္စည်းအမျိုးမျိုးတို့ကြောင့် မြေပြင်ညစ်ညမ်းမှု၊ ရေညစ်ညမ်းမှုတို့ဖြစ်ပေါ်စေသည်။
ထို့ပြင် စက်ရုံအလုပ်ရုံများ၊ မော်တော်ယာဉ်ယန္တားရားများမှထွက်ရှိသော မီးခိုးများ၊ဓာတ်ငွေ့များသာမက ဖုန်မှုန့်များ၊ ပြာများ၊ဆေးလိပ်ငွေ့၊ ညော်နံ စသည့် မကောင်းသောအနံ အငွေ့အသက်များသည် လေထုကို ညစ်ညမ်းစေသည်။ အိုဇုန်းဓာတ်ငွေ့သည် မြေပြင်အထက်၁၀မိုင်မှ မိုင်၃၀အတွင်း အိုဇုန်းလွှာအဖြစ်တွေ့ရှိရပြီး မြေပြင်အနီး လေထုအတွင်းလည်းရှိတတ်သည်။
အိုဇုန်းအလွှာသည် နေရောင်ခြည်တွင်ပါရှိသည့် ခရမ်းလွန်ရောင်ခြည်များကမ္ဘာမြေပေါ်သို့ မကျရောက်စေရေး ကာကွယ်ပေးထားသည်။ အိုဇုန်းအလွှာပါးလာခြင်း၊ပျက်စီးလားခြင်းတို့ကြောင့် ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်ထိတွေ့လာသည့်အခါသက်ရှိသတ္တ၀ါများနှင့် အပင်များ ထိခိုက်ပျက်စီးစေနိုင်သဖြင့် လေထုညစ်ညမ်းမှုမရှိစေရေး ၀ိုင်းဝန်းထိန်းသိမ်းသွားရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အစဉ်အလာသည် မြန်မာနိုင်ငံတွင် ရှေးကာလများစွာကပင်ရှိခဲ့သည်။ လေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ မြေပြင်ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှု စသည်တို့သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများကို ဖြစ်ပေါ်စေသည်ဖြစ်ရာပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၏ သဘာဝပတ်ဝန်းကျင် တိုးတတ်ကောင်းမွန်ရေး ထိန်းသိမ်းမှုလုပ်ငန်းများတွင် ထာဝစဉ် ပါဝင်လှုပ်ရှားဆောင်ရွတ်သွားရမည်ဖြစ်ပါသည်။ ။

No comments: