Tuesday, September 22, 2009

စင်ကပူနိုင်ငံ ရေပြင်အနီး ပင်လယ်ဓားပြ တိုက်ခိုက်သောမှုခင်းများသည် ငါးနှစ်တာကာလအတွင်း အမြင့်ဆုံးသို့ တက်လာကြောင်း စက်တင်ဘာလ၁၄ရက် သတင်းများ၌ ဖော်ပြသည်။
တောင်တရုတ်ပင်လယ်ရေပြင်တွင် ၂၀၀၅ခုနှစ်၌ ပင်လယ်ဓားပြတိုက်မှု ကိုးမှုဖြင့် အမြင့်ဆုံး အနေအထား ရှိခဲ့ရာမှ ယခုနှစ်ပထမကိုးလအတွင်းမှာပင် ပင်လယ်ဓားပြမှုအရေအတွက်သည် ၁၀မှုအထိ ရှိလာကြောင်း စက်တင်ဘာ ၁၄ရက်ထုတ် စထရိတ်တိုင်းမ်သတင်းစာက ရေးသားသည်။
ပင်လယ်ဓါးပြလှုပ်ရှားမှုများသည် မလက္ကာရေလက်ကြားနှင့် စင်ကပူရေလက်ကြားတို့တွင်ပါ များပြားလာသည် ဟုဆိုသည်။ ၂၀၀၉ခုနှစ်အတွင်း ထိုရေပြင်တို့တွင် ပင်လယ်ဓားပြများသည် ကုန်သွယ်ရေကြောင်း သင်္ဘောများ ပေါ်သို့ ငါးကြိမ်တိုင် တက်ရောက်ခဲ့ကြသည်။ ထိုရေလမ်းနှစ်လမ်းတွင် ၂၀၀၈ခုနှစ်က ပင်လယ်ဓားပြမှု တစ်မှုနှင့် ဓားပြတိုက်ရန်ကြိုးပမ်းမှုသုံးမှုဖြစ်ပွားခဲ့သည်။
ပင်လယ်ဓားပြများ၏ အများဆုံးတိုက်ခိုက်ခံရသော သင်္ဘောများမှာ ရေနံတင်သင်္ဘောများနှင့် ကွန်တိန်နာ သင်္ဘောကြီးများဖြစ်ကြောင်း ဒေသဆိုင်ရာ ပင်လယ်ဓားပြပူးပေါင်းနှိမ်နင်းရေးအဖွဲ့(ရီစီစီအေပီ) မှထုတ်ပြန်ချက် အရ သိရသည်။

No comments: