Wednesday, January 30, 2008

အမေရိကန် အထက်လွှတ်တော်အမတ် အက်ဒ်ဝပ်ကနေဒီ သမ္မတလောင်း အိုဘားမားကို ထောက်ခံ


အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်တွင် အိုဘားမားကို ထောက်ခံဆွေးနွေးနေသော အက်ဒ်ဝပ်ကနေဒီ

အထက်လွှတ်တော်အမတ်အက်ဒ်ဝပ်ကနေဒီသည်အမေရိကန်အကြိုအခြေခံသမ္မတရွေးချယ်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော ဘာရက်ပအိုဘားမားအား ထောက်ခံကြောင်း ဒီမိုကရက်တစ်အသိုင်းအ၀ိုင်းက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားသည်။

အက်ဒ်ဝပ်ကနေဒီသည် လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ညီအငယ်ဆုံးဖြစ်ပြီး နိုင်ငံရေးလောက၌ထင်ရှားသူတစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်တွင် မဲဆွယ်စကားပြောကြားရာ၌ ကနေဒီက အိုဘားမားကိုထောက်ခံကြောင်း ပြောကြားသည်။

ဝါရှင်တန်တက္ကသိုလ်တွင် စကားပြောကြားရာ၌ ကနေဒီနှင့်အတူ ၎င်း၏တူမဖြစ်သူ ကယ်ရိုလိုင်းကနေဒီလည်း လိုက်ပါကြသည်။သူမသည် သေဆုံးသွားသူ သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၏ သမီးဖြစ်သည်။ သူမသည်လည်း အိုဘားမားကိုထောက်ခံသူဖြစ်သည်။ ကယ်ရိုလိုင်းကနေဒီက တနင်္ဂနွေနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာတွင် အိုဘားမားနှင့်ပတ်သက်၍ အိုဘားမားသည် သမ္မတကနေဒီနည်းတူ အမေရိကန်နိုင်ငံနှင့် ပြည်သူများကို ဦးဆောင်နိုင်မည့်သူဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အက်ဒ်ဝပ်ကနေဒီ၏ ထောက်ခံချက်နှင့် ပတ်သက်၍ မည်သို့ရှုမြင်ပါသနည်းဟု သတင်းထောက်များက အိုဘားမားကိုမဲဆွယ်ခရီးထွက်နေစဉ် လေယာဉ်ပျံပေါ်၌ မေးမြန်းခဲ့ရာ မိမိအနေဖြင့် ထိုကိစ္စရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားလိုခြင်းမရှိကြောင်း ကာယကံရှင် ကနေဒီကသာလျှင် လူထုကို အသိပေးပြောကြားသွားမည်ဖြစ်ကြောင်းအိုဘားမားက ပြန်လည်ဖြေကြားခဲ့သည်။ အက်ဒ်ဝပ်ကနေဒီနှင့် ကလင်တန်မိသားစုသည် ရင်းနှီးခင်မင်သူများဖြစ်သည်။

No comments: