Wednesday, January 9, 2008

အနာဂတ်အတွက်ယနေ့မှစ၍ ကြိုတင်ပြင်ဆင်

မြန်မာ့ပြည်တွင်းရေးရဲ့ လက်ရှိပဋိပက္ခတွေ၊ တိုင်းပြည်တိုးတက်မှုနှောင့်နှေးရတဲ့ အကျိုးဆက်တွေဟာ ဘယ်ကစခဲ့သလဲ။ အတိတ်က အကြောင်းတရားတွေကို လေ့လာကြည့်ပါမှ ဒါကိုရှင်းရှင်းလင်းလင်းသ
ဘောပေါက်မှာပါ။ ကျွန်တော့်အနေနဲ့ မေးခွန်းတချို့မေးကြည့်ချင်ပါတယ်။
- ဖက်ဒရယ်မူဆိုတာဘာလဲ၊
- ပင်လုံစာချုပ်ဘာကြောင့်ဖြစ်ပေါ်ခဲ့သလဲ၊
-၁၉၄၇ခုနှစ်ဇူလိုင်၁၉ရက်မှာဖြစ်ခဲ့တဲ့မြန်မာ့အာဇာနည်ကြီးများ လုပ်ကြံခံရခြင်းရဲ့အဓိကတရားခံဟာ ဘယ်သူလဲဆိုတာသိပါသလား၊
- ဘာကြောင့်လုပ်ကြံခဲ့သလဲ၊
- လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံမှာ ပေါ်ပေါက်ကျင့်သုံးခဲ့တဲ့ပါလီမန် ဒီမိုကရေစီစနစ် ဘာကြောင့် ပျက်သုဉ်းခဲ့ရသလဲ၊
- တော်လှန်ရေးကောင်စီအစိုးရ ဘာကြောင့်တက်လာခဲ့ရသလဲ၊
- ဦးနေ၀င်းက တံခါးပိတ်စီးပွားရေးဝါဒ ဘာကြောင့်ကျင့်သုံးခဲ့ရသလဲ၊
- မြန်မာနိုင်ငံမှာတချို့ကမ္ဘာ့နိုင်ငံများလို နိုင်ငံကြီးများရဲ့ သြဇာခံရုပ်သေးအစိုးရဖြစ်တည်မလာတာ
ဘာ
ကြောင့်လဲ၊
- လက်ရှိမြန်မာနိုင်ငံအပေါ် အနောက်အင်အားကြီးနိုင်ငံတချို့ကဦးဆောင်ပြီး စီးပွားရေးပိတ်ဆို့မှု
လုပ်ထား
ခြင်းရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်တွေက ဘာတွေလဲ။
ဒါတွေကိုမှန်မှန်ကန်ကန်သိနိုင်၊ မြင်နိုင်မှနိုင်ငံရေးကိုလုပ်စေချင်ပါတယ်။ဒါတွေကိုမသိဘဲ ကိုယ်ထင်ရာ
ကိုယ်လုပ်နေရင် အချိန်ကုန်လူပန်း၊ စိတ်ဒဏ်ရာတွေရပြီး ဘ၀တွေနစ်မွန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။
အစိုးရဆန့်ကျင်ရေးဆိုတာတွေမှာ နိုင်ငံရေးပယောဂ၊ တစ်ခုမဟုတ်တစ်ခု အမြဲပါတတ်ပါတယ်။ လက်တလောဖြစ်ခဲ့တဲ့ ကိစ္စကိုကြည့်ပါ။တိုင်းပြည်ကမောက်ကမဖြစ်စေမယ့်၊ ပြည်သူတွေကို ဒုက္ခရောက်စေမယ့် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးပယောဂတွေပါတာကို နိုင်ငံရေးနားလည်သူတိုင်းက သိကြပါတယ်။
ကိုယ့်ကိုယ်ကို အစွမ်းသတ္တိရှိတယ်လို့ ယုံကြည်စိတ်ရှိရင် ကိုယ့်လူမျိုးအချင်းချင်း ထိခိုက်မယ့်ကိစ္စတွေ၊ အင်အားယုတ်လျော့စေမယ့်ကိစ္စတွေကို လုပ်မယ့်အစားနိုင်ငံတကာမှာတက်ပြီး အစွမ်းသတ္တိတွေပြကြစမ်းပါ။ ဘယ်လိုလုပ်ရမလဲဆိုတာတော့မပြောတော့ပါဘူး။ မိမိတို့နိုင်ငံသားတွေရဲ့အစွမ်းသတ္တိတွေကိုအထင်သေးရာ ရောက်နေမှာစိုးသလို မိမိတို့နိုင်ငံသားတွေရဲ့ အရည်အချင်းနဲ့ကြံရည်ဖန်ရည်ကိုလည်း ယုံကြည်လို့ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့တော့ အဖြေမထွက်စေချင်ပါဘူး။ လူတိုင်းမှာဦးခေါင်းတစ်လုံးစီပဲပါတာပါ။အပိုမပါပါဘူး။ စိတ်ဓာတ်ကောင်းကောင်းနဲ့ကြိုးစားရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး။ လုပ်ရဲတယ်။ မလုပ်ရဲဘူး ဆိုတာကတော့ မိမိတို့ရဲ့အစွမ်းသတ္တိပေါ်မှာပဲ မူတည်ပါတယ်။
ကိုယ့်လူမျိုးအချင်းချင်းမှာ အစွမ်းသတ္တိတွေပြနေကြလို့ တိုင်းပြည်အင်အားလည်းလျော့၊ လူမျိုးတွေ လုံးပါးပါးပြီး ဒုက္ခတွေတသီချည်းရောက်နေတာမျိုးကို အီရတ်မှာတွေ့ကြမှာပါ။ ကိုယ့်ကိုယ်ကို အသေခံပြီးတော့ လုပ်ရဲတယ်။ ဒါပေမဲ့စဉ်းစားတွေးခေါ်မှုနည်းတယ်လို့ဆိုရမှာပဲ။ တိုင်းပြည်နဲ့လူမျိုးအတွက်ဘာ အကျိုးကျေးဇူးမှ မရှိဘူး။ တကယ့်ရန်သူဟာ ဘယ်သူလဲဆိုတာသူတို့သဘောမပေါက်ကြဘူး။ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုယူပြီး ဘုံရန်သူကို အီရတ်မြေပေါ်က မောင်းထုတ်ပစ်ဖို့ မလုပ်ကြဘူး။
လက်ရှိအခြေအနေမှာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လူရည်လည်ဖို့ လိုပါမယ်။ လူလည်ကျပါလို့ ပြောချင်တာမဟုတ်ပါ။ လူရည်လည်တာနဲ့ လူလည်ကျတာဟာ အဓိပ္ပာယ်လုံးဝခြားနားပါတယ်။ လူရည်လည်တယ်ဆိုတာက သွေးခွဲမခံရအောင်၊ အလိမ်အညာမခံရအောင်၊ ချောက်တွန်းမခံရအောင်၊ ဒါမျိုးတွေလုပ်လာရင် ကြိုသိပြီး ပါးပါးနပ်နပ် ရှောင်ရှားနိုင်ဖို့ပါ။ လူရည်မလည်ရင် ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာတွေရမှာ အမှန်ပဲ။ ဒီတော့ ပစ္စုပ္ပန်မှာ လူရည်လည်ချင်ရင် အတိတ်က ကိစ္စတွေမှာလည်း တတ်သိနားလည်သဘောပေါက်ပြီး “”မနေမှ ဖြစ်မှာပါ။
ဒီကနေ့မြန်မာနိုင်ငံမှာ ကိုလိုနီနယ်ချဲ့ လက်သစ်တွေ လိုလားနေတဲ့အချက်ဟာ ဒီမိုကရေစီပေါ်ထွန်းရေး မဟုတ်သလို လူ့အခွင့်အရေးတွေ အပြည့်အဝရရှိစေရေးလည်း မဟုတ်ပါဘူး။ သူ့တို့ အဓိကမျှော်မှန်းနေတဲ့ အချက်ကပြည်တွင်းစည်းလုံးညီညွတ်ခိုင်မာမသွားစေဖို့၊ အခက်အခဲဒုက္ခတွေနဲ့ တိုင်းပြည်အင်အား ယုတ်လျော့ဖို့၊ သူတို့လိုရာ ကြိုးဆွဲနိုင်မဲ့ အာဏာရှင်အစိုးရတစ်ရပ် ပေါ်ပေါက်စေဖို့တွေသာဖြစ်ပါတယ်။ ဒီတော့သူတို့ မျက်စိကျတဲ့နိုင်ငံမှာ သူတို့နဲ့ ပုလဲနံပသင့်မယ့်၊ သူတို့လိုရာကြိုးဆွဲနိုင်မယ့် စစ်ခေါင်းဆောင်၊ ဒါမှမဟုတ် အာဏာရှင်ခေါင်းဆောင် ကြီးစိုးနေမှာကိုသာလိုလားပါတယ်။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်မိတဲ့ နိုင်ငံတိုင်း မအီမလည်ခံစားနေရတာတွေကို ပြည်သူတွေအနေနဲ့ မျက်စိလေးနည်းနည်းဖွင့်၊ နားလေး နည်းနည်းစွင့် ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရ၊ ကြားရပါလိမ့်မယ်။
ဒီတော့ ပြည်သူတွေအနေနဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ အမျိုးသားရေးစိတ်တွေအရင်းခံပြီး စဉ်းစားချင့်ချိန်ကြစေလိုပါတယ်။ သူများနိုင်ငံမှာ ကြီးပွားတိုးတက်နေတာကို အားကျနေရုံနဲ့ ကိုယ့်တိုင်းပြည် ကြီးပွားတိုးတက်လာမှာမဟုတ်ပါဘူး။ ကြံဆပါ၊ ကြိုးစားပါ၊ ကြိုတင်ပြင်ဆင်ထားကြပါလို့ပြောချင်ပါတယ်။ ဖြစ်ချင်တာပေါ့၊ လုပ်ချင်တာပေါ့။ လုပ်လို့မှမရတာဆိုပြီး အဆိုးမမြင်ပါနဲ့။ ဘယ်ဘာသာစကားကို တတ်ကျွမ်းမှ အလုပ်ခန့်မယ်ဆိုတဲ့အချိန်ကြမှ အဲဒီဘာသာစကားကို ကျွမ်းကျင်ချင်လို့မရနိုင်ပါဘူ။ လိုအပ်တဲ့အချိန်မှာ သုံးမယ်ဆိုပြီး ကြိုတင်လေ့လာသင်ယူတတ်ကျွမ်းထားမှ တန်ရုံကျမှာပါ။ ခုချိန်ဟာ စလုပ်သင့်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။ လက်ရှိမလုပ်မဖြစ်လုပ်နေရတဲ့ ပညာရေး၊ အချို့အတွက်စီးပွားရေး၊ ဒါတွေကို လုပ်ရင်း၊ တစ်ဖက်ကလည်းကိုယ်ဝါသနာပါရာကို အချိန်ရသရွေ့ တတ်ကျွမ်းအောင်လုပ်သင့်ပါတယ်။ ဒါမှ လည်းအခွင့်ကြုံလာတဲ့အခါ “စလုံးရေစ” ဖြစ်မနေဘဲ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ ဦးစီးဦးဆောင်နေရာမှ ချက်ချင်းလုပ်ကိုင်နိုင်မှာပါ။
မြန်မာတို့ရဲ့သင်လွယ်၊ တတ်လွယ်၊ သဘောပေါက်လွယ်တဲ့ အရည်အချင်းတွေ၊ ဥာဏ်ရည်ဥာဏ်သွေး တွေဟာဘယ်လူမျိုးနဲ့ယှဉ်ယှဉ်မညံ့ပါဘူး။ နိုင်ငံရေးအတွေးခေါ်အယူအဆတွေမှာ ဘဝပေးအခြေအနေအရ သာတယ်လို့ တောင်ပြောရဲပါတယ်။ ခက်တာက ကိုယ့်အရည်အချင်းပေါ်မှာ ယုံကြည်စိတ်နည်းနေတာရယ်၊ တလွဲအသုံးချနေတာတွေကြောင့်ပါ။ ဒီကနေ့ကစပြီး လိုအပ်တဲ့ပညာရပ်ဆိုင်ရာတွေကို လေ့လာသင်ယူထားရင် နောင်အနှစ် ၃၀-၄၀၊ ယနေ့လူငယ်တွေ တိုင်းပြည်ကိုအုပ်ချုပ်လာနိုင်တဲ့အခါ ဒီကနေ့မှ စပြီးဖြည့်ခဲ့တဲ့ ပညာရပ်ကြောင့်တိုင်းပြည် ကြီးပွားတိုးတက်ပါလိမ့်မယ်။ ဒါကြောင့်လုပ်လို့မရတဲ့အလုပ်တွေအပေါ်မှာ စိတ်အညစ်ခံပြီးအချိန်ဖြုန်း တွေဝေမနေသင့်ပါဘူး။ ကိုယ့်အတွက်ဘေးကင်းပြီး ကောင်းကျိုးရစေတဲ့ အလုပ်တွေ အများကြီးရှိပါတယ်။ လူဆိုတာစုံအောင်လုပ်တတ်မှဆိုပြီးမဟုတ်တာတွေကို လုပ်ချင် တတ်ကြပါတယ်။ စုံချင်ရင်ကောင်းတာတွေ၊ ကိုယ်အတွက်ရော သူများအတွက်ပါ အကျိုးရှိမယ့် အလုပ်တွေကိုပဲရွေးပြီး လုပ်ကြည့်စမ်းပါ။ လူ့သက်တမ်းသာကုန်ပြီးသေသွားမယ်။ကောင်းတဲ့အလုပ်တွေကို ကုန်အောင်လုပ်သွားနိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော့်အနေနဲ့ အခုရော၊နောင်ရော ဘာတစ်ခုမျှ တတ်သိမထားရင် အောက်ကျ၊နောက်ကျဘ၀ကို ရောက်ပါလိမ့်မယ်။ တစ်ခုခုတတ်ထားရင် အခိုင်းခံဖြစ်ဦးတော့ ဂုဏ်သိက္ခာရှိပါတယ်။ သိပ်တတ်ပြီးကျွမ်းကျင်သူဖြစ်နေရင်တော့ ကိုယ်ကပြန်ပြီးခိုင်းနိုင်တယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။ တကယ်တိုးတက်ချင်၊ သိချင်၊ နားလည်ချင်ရင် လုပ်စရာတွေ အများကြီးရှိပါတယ်။ အနိမ့်ဆုံး မြန်မာ့မြေပုံ၊ ကမ္ဘာ့မြေပုံ၊ ဒါမှမဟုတ် မိမိစိတ်ဝင်စားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့မြေပုံကို အားလပ်တိုင်းကြည့်ပါ။ အဲဒီအပေါ်ကနေစစ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ဖြင့် မိမိနှစ်သက်ရာကဏ္ဍအလိုက်တွေးပါ၊ စိတ်ကူးပါ၊ ကိုယ်လုပ်ချင်တာကို စီမံကိန်းရေးဆွဲပါ။ ဘယ်နိုင်ငံကိုဘယ်လိုဝင်ပြီး ဘယ်လိုကူးသန်းရောင်းဝယ်နိုင်တယ်။ ဟိုဘက်ကဘယ်နေရာတွေမှာ အားသာပြီးဘယ်နေရာမှာဖြင့် အားနည်းချက်ရှိတယ်။ အဲဒီလိုအထိသိနိုင်အောင် တစိုက်မတ်မတ်လေ့လာပါ။ တချိန်ချိန်မှာ အလွန်ကြီးမားတဲ့အကျိုးကျေးဇူးကို ဧကန်ပင်ရနိုင်တယ်လို့ ပြောဝံ့ပါတယ်။
အဲဒီလိုလုပ်ထားပါမှ နောင်တစ်ချိန် ကိုယ့်အလှည့်ရောက်ရင် တိုင်းပြည်တိုးတက်ကြီးပွားအောင် ကိုယ်တိုင်ပါဝင်စီမံ အုပ်ချုပ်နိုင်မှာပါ။ ဖြတ်လမ်းနည်းမလိုက်ဘဲ မှန်ကန်တဲ့ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစား အားထုတ်မှု၊ စိတ်ရှည်သည်းခံမှုတွေနဲ့ အရင်းအနှီးပြုမှသာ အစမ်းသပ်ခံ ၊ တာရှည်ခံတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံလာမှာပါ။ လုပ်နိုင်တာတွေထဲက လုပ်သင့်တာကိုလုပ်ပါ။ မြန်မာ့မြေပုံကိုမကြည့်ဘဲ မြန်မာပြည်မှာ လူစွာလုပ်ချင်လို့မရနိုင်သလို၊ ကမ္ဘာ့မြေပုံကို မကြည့်ဘဲ ကမ္ဘာကြီးကို လွှမ်းမိုးချင်လို့မရဘူးလို့ အကျဉ်းချုံးပြောလိုက်ပါရစေ။ မြန်မာပြည်သူတွေအားလုံး တိုင်းပြည်ကြီးပွားတိုးတက်အောင်လုပ်ဆောင်နိုင်တဲ့ အကြံကောင်း၊ ဥာဏ်ကောင်း၊ အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံကြွယ်ဝနိုင်ပါစေ။

No comments: