အမေရိကန်သမ္မတဘုလ်ရှ် ၏အရှေ့အလယ်ပိုင်း ခရီးစဉ်သည်၎င်း၏အီရန်အပေါ် စစ်ရေးအရခြိမ်းခြောက်မှုကို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင်ပြုလုပ်ရန်ဖြစ်သည်။ ရောက်လေရာအရပ်တွင် သမ္မတဘုလ်ရှ်က ပါစပ်ဒီမိုကရေစီစကားပြောနေ စေကာမူအာရပ်နိုင်ငံများနှင့်ပို၍ ကျယ်ကျယ်ပြန့်ပြန့်အုပ်စုဖွဲ့ စည်းရန်ကြိုးပမ်းခဲ့သည်။၎င်း၏ပထမဦးဆုံး ခရီးစဉ်ဖြစ်သော ဂျေရုစလင်မြို့ ၌ဘုရ်ုကအမေရိကန် အမျိုးသားထောက်လှမ်းရေးခန့်မှန်းချက် ထုပ်ပြန်မှုကြောင့်၎င်း၏စစ်လိုလားသော မူဝါဒပြောင်းလဲသွားပြီ ဟူသောအယူအဆကို ဆန့်ကျင်သောစကားများပြောကြားခဲ့သည်။ ဘုရှ်၏ခရီးစဉ်မစမီက ဟော်မုဇ်ရေလက်ကြား တွင်အီရန်အမြန်သွား လေယာဉ်ငယ်များ နှင့် အမေရိကန်ရေတပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ ၄င်းဖြစ်ရပ်ကို အခွင့်ကောင်းယူ၍ အီရန်အပေါ် ခြိမ်းခြောက်မှုများတိုးမြှင့် ပြုလုပ်ခဲ့သည်။ ၀ါရှင်တန်က၄င်းဖြစ်ရပ်သည် အီရန်ကရန်စ လှုံ့ဆော်မှုများ ပြုလုပ်နေ၍ ဖြစ်သည်ဟု ဆိုသည်။
ဟော်မုဇ်ရေလပ်ကြားဖြစ်ရပ်ကို ဘုရှ်အစိုးရကပုံကြီးချဲ့ ပြောကြားလျက်ရှိသည်။ ဘုရှ်၏သတင်းထုတ်ပြန်ရေး မှူးဒါနာပါရီနိုက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘုရှ်သည်ပါရှန်ပင်လယ်ကွေ့ အမေရိကန်ရေတပ်အုပ်စုတပ်မှူး ဖြစ်သူဒုတိယဗိုလ်ချုပ်ကြီး ကေဗင်ကော့ဂရစ်နှင့်ဆွေးနွေးခဲ့ရာ၌ ၄င်းကိစ္စကို အရေးတကြီးသဘောထားကြောင်း ဘုရှ်ကပြောကြားခဲ့သည်ဟုဆိုသည်။ ၄င်းဖြစ်ရပ်မတိုင်မီ အခြားသောသီးသန့် ဖြစ်ရပ်တစ်ခု၌ အမေရိကန်ရေတပ် သင်္ဘောများက အီရန်သဘောင်္တစ်စီးကို သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ မကြာသေးမီလများအတွင်းက အမေရိကန်အစိုးရနှင့် စစ်တပ်သည်အီရန်ကို စစ်ပွဲသွင်းနိုင်ရန် ရန်စလှုံ့ဆော် မှုမျိုးစုံပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အဘူဒါဘီသို့ ရောက်ရှိနေသော သမ္မတဘုရှ် မိန့်ခွန်းပြောချိန်တွင် ကုလသမဂ္ဂအဏုမြူစွမ်းအင် အေဂျင်စီက အီရန်သည် ၄င်းတို့အေဂျင်စီစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အီရန်သည်၎င်း၏ နျူးကလီးယားလှုပ်ရှားမှု နှင့်ပတ်သက်၍ ကျန်ရှိနေသေးသောပြဿနာ မေးခွန်းအားလုံးကို ဖြေကြားရန်သဘောတူခဲ့ကြောင်း အိုင်အေအီအေ အကြီးအကဲအယ်လ်ဘာရာဒေး၏ ပြောခွင့်ရအမျိုးသမိးက ပြောကြားခဲ့သည်ဟုဆိုသည်။
အရှေ့အလယ်ပိုင်းဒေသသို့ ခရီးထွက်လာသော အမေရိကန်သမ္မတ ဘုရှ်၏မိန့်ခွန်းများ၌ အပြောနှင့်အလုပ်မညီသော ၀ိရောဓိများနှင့် ပြည့်နှက်နေသည်။ အရှေ့အလယ်ပိုင်းဒေသ သည်ခေတ်သစ်ကြီးတစ်ရပ်သို့ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်ကိုကြည့်ပါက အီရတ်ကို တရားမ၀င် ၀င်ရောက်ကျူးကျော်မှုကြောင့် လူပေါင်းသိန်းနှင့်ချီ၍ အတိဒုက္ခရောက်ခဲ့ကြရသည်။ ဤဒေသအတွင်း ရှိပြည်သူများသည် လွတ်လပ်မှုကိုဆန္ဒရှိနေကြသူ များဖြစ်ကြောင်း အစွန်းရောက်များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် မတည်မငြိမ်ဖြစ်ခဲ့ရကြောင်း ဘုရှ်ကပြောကြားခဲ့သည်။ သို့ရာတွင်အရှေ့အလယ်ပိုင်း ပြည်သူများ၏ လွတ်လပ်မှုကို အဓိကဖျက်စီးဖြစ်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ အမေရိကန်သည်၎င်း၏ အရင်းရှင် လူတစ်စု၏ လက်ဝါးကြီးအုပ်ပိုင် မှုကို အကာအကွယ်ပေးရန်အတွက် အရှေ့အလယ်ပိုင်းဒေသရှိ အာဏာရှင်၊သက်ဦးဆံပိုင်ဘုရင်အစိုးရများကို ဆက်လက်ကူညီပံ့ပိုးနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့်အမေရိကန်သမ္မတဘုရှ်ကို အရှေ့အလယ်ပိုင်းပြည်သူ လူအများစုက မုန်းတီးလျက်ရှိကြသည်။
No comments:
Post a Comment