Thursday, May 29, 2008

ဖွံ့ဖြိုးမှုလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး နိုင်ငံတော်နှင့်အတူ ကုမ္ပဏီ များပူးပေါင်းပါဝင်

ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့်ရန်ကုန်တိုင်းတို့သည် ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်သည့် တိုင်းများဖြစ်ရာ ပြည်တွင်း စားနပ်ရိက္ခာသာမက နိုင်ငံတကာအတွက်ပါ ဖြည့်ဆည်းပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မေလ၂ရက်နေ့နှင့် ၃ရက်နေ့များက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းမှ ခုနှစ်မြို့နယ်၊ ရန်ကုန်တိုင်းမှ သုံးမြို့နယ် ပဲခူးတိုင်းမှ နှစ်မြို့နယ်မှ သုံးမြို့နယ်တို့၌ စိုက်ပျိုးမြေဧက တစ်သန်းကျော် ရေလွှမ်းမိုးခံရကာ ဧကတစ်သန်းကျော်တွင် ရေငန်းများ ၀င်ရောက်ခဲ့သည်။ ယင်းတို့နောက် ဧရာဝတီတိုင်း၌ လယ်မြေဧက ၁၀သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
စပါးစိုက်ခင်းနှင့် လယ်မြေများ ပျက်စီးသွားသည့်အတွက် စပါးထုတ်လုပ်မှု ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် စပါးစိုက်ပျိုးနိုင်သည့် ဒေသများ၌ အစားထိုးတိုးချဲ့စိုက်ပျိုးရန် မျိုးစေ့နှင့်ဓာတ်မြေသြဇာများအပြင် ကျွဲ ၊နွားများအစား လယ်ထွန်စက်အသေးစားများနှင့် စက်သုံးဆီများ လိုအပ်လာမည် ဖြစ်သည်။
နိုင်ငံတော်မှဦးဆောင်ပြီး လေဘေးသင့်ဒေသများ၌ လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ စက်မှုဇုန်များက လက်တွန်းထွန်စက်များကို ပံ့ပိုးကူညီလျက်ရှိသည်။ ထို့ပြင် ငါးဖမ်းလုပ်ငန်း နှင့် ဆားလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် အကူအညီများဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်မြို့နယ် အသီးသီးသို့ပေးပို့သည် လက်တွန်းထွန်စက်များ ဒေးဒရဲမြို့နယ်သို့ ရောက်ရှိလာရာ တောင်သူလယ်သမားကြီးများက စက်မှုလယ်ယာဦးစီးဌာနမှ စက်မောင်းများ၏ အကူအညီဖြင့် လယ်ယာလုပ်ငန်းခွင် အချိန်မီဝင်ရောက်နိုင်ရေး လယ်ယာမြေများ အမြန်ဆုံး ဖော်ထုတ်သွားမည်ဖြစ်သည်။
မုန်တိုင်းဒဏ် အဓိကခံစားခဲ့ရသော ဧရာဝတီတိုင်းရှိပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ မြို့ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများ လစ်ဟင်းမှုမရှိရအောင် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နေအိမ်၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာများအရောက် အဆက်မပြတ် ပံ့ပိုးကူညီပေးလျက်ရှိသည်။
လေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျဉ်းမပြတ် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့်အတူ ကုမ္ပဏီများ အပါအ၀င် ပြည်တွင်းပြည်ပ စေတနာရှင်များ ပူးပေါင်းပါဝင်ခြင်းဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


No comments: