
ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးပေါင်းကမကထပြုသော နိုင်ငံတကာမှ ငွေကြေးအကူအညီများနှင့် အခြားအကူအညီများ ကတိက၀တ်ပြုသည့်ညီလာခံတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မြွက်ကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အဆွေတော် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊အဆွေတော် အာဆီယံအမြဲတမ်း ကော်မတီဥက္ကဌမစ္စတာဂျော့ခ်ျယိုး၊၀န်ကြီးများ၊အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူယင်ပစ်ဆူဝမ်၊ဂုဏ်သရေရှိ အလှူရှင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား၊ အဆွေတော်တို့အား မြန်မာနိုင်ငံအစိုးရနှင့်တကွ ပြည်သူများမှ လှိုက်လှဲစွာကြိုဆိုပါကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူအချို့ ဘေးဒုက္ခကြုံတွေ့တဲ့ အချိန်မှာအဆွေတော်တို့ကိုယ်တိုင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူများအား ကူညီထောက်ပံ့အားပေးဖို့ ယခုလိုရောက်ရှိလာကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း မြန်မာပြည်သူများရဲ့ ကိုယ်စား ပြောကြားလိုပါတယ်။

ဒီကနေ့ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ အလှူရှင်များမှ လှူဒါန်းမည့် ပမာဏကို ကတိက၀တ်ပြုကြမည့် ညီလာခံကိုတက်ရောက်ခဲ့ကြတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်နှင့်တကွ အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၊အလှူရှင်နိုင်ငံများမှ ၀န်ကြီးများနဲ့ ကိုယ်စားလှယ်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြေကြားအပ်ပါတယ်။
အင်အားပြင်းထန်
မြန်မာနိုင်ငံမှာ မေလ ၂ ရက်နေ့တွင် ကျရောက်ခဲ့တဲ့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ ကျွန်တော်နိုင်ငံရဲ့သမိုင်းမှာ မကြုံတွေ့ဖူးတဲ့ အလွန်အင်အားပြင်းထန်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါတယ်။မုန်တိုင်းရဲ့ အချင်းဝက်ဟာ အလွန်အင်အားပြင်းထန်တဲ့ မုန်တိုင်းဖြစ်ပါတယ်။မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင် ၂၀၀ ခန့်ရှိပြီး မုန်တိုင်းဗဟိုရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၁၂၀ မှ မိုင် ၁၅၀ ခန့်အထိရှိပါတယ်။မုန်တိုင်းနှင့်အတူ ၇ပေမှ ၁၂ ပေခန့်မြင့်တဲ့ ဒီလှိုင်းကြီးများလည်း တက်လာပါတယ်။ဒါကြောင့် မုန်တိုင်းရဲ့ဦးတည်တိုက်ခတ်သွားတဲ့ ဧရာဝတီတိုင်းမှ မြို့နယ်ခုနှစ်မြို့နယ် နှင့် ရန်ကုန်တိုင်းမှ မြို့နယ် ၄၀ တို့ဟာ ဒီမုန်တိုင်းရဲ့ဒဏ်ကို အပြင်းအထန်ခံရပါတယ်။မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်ခြေအဆောက် အအုံများပျက်စီးဆုံးရှုံးခဲ့ရပြီး ဒီလှိုင်းကြီးများ ဖုံးလွှမ်းသွားခြင်းကြောင့် လူ၊တိရစ္ဆာန် စသည်တို့ သေကျေပျက်စီးမှု များပြားခဲ့ရခြင်းဖြစ်ပါတယ်။တချို့ကျေးရွာများနှင့် လယ်တဲများဟာ လုံးဝကွယ်ပျောက်သွားခဲ့ပါတယ်။
ကြီးမားစွာဆုံးရှုံး
ရေနှင့်ရိက္ခာများဖြန့်ဝေ
မုန်တိုင်းတိုက်ခတ်တဲ့ မေလ ၃ ရက်နေ့မှာပင် ကျွန်တော်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ၀န်ကြီးများသည် အရေးပေါ်အစည်းအဝေး ချက်ချင်းပြုလုပ်ပြီး မုန်တိုင်းတိုက်ခတ်ရာဒေသသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိင်ရန် အမြန်ဆုံး ထွက်ခွာခဲ့ပါတယ်။မေလ ၄ ရက်နေ့မှာ မုန်တိုင်းဗဟိုချက် ကျရောက်ခဲ့တဲ့ မြို့နယ်တွေမှာ ၀န်ကြီးများကိုယ်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ အိုးမဲ့အိမ်မဲ့ ပြည်သူများကို ကယ်ထုတ်နိုင်ခဲ့ပြီး နောက်တန်းစခန်းငါးခု၊အလယ်တန်းစခန်း၁၅ ခုနှင့် ရှေ့တန်း အိုးမဲ့အိမ်မဲ့ ပြည်သူ ၁၀၆၄၆၂၃ ခန့်ကို ရွှေ့ပြောင်း နေရာချပေးထားနိုင်ခဲ့ပါတယ်။တချို့ကျေးရွာများကိုလည်း စက်လှေ၊ရဟတ်ယာဉ်များဖြင့် ရေနှင့်ရိက္ခာများ ဖြန့်ဝေပေးနိုင်ခံ့ပါတယ်။ပို့ဆောင်ပေး
ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများ အတော်အသင့် ဆောင်ရွက်ပြီးဖြစ်၍ အသက်ရှင်ကျန်ရစ်သူများ ဆက်လက်ရှင်သန်နိုင်ရန် အစားအစာ၊ရေ၊ရိက္ခာ၊အ၀တ်အထည်နှင့် နေရာထိုင်ခင်းများပေးပြီး ကူညီစောင့်ရှောက်မှုများဆောင်ရွက်နေပါတယ်။အဲဒီလို ဆောင်ရွက်မှုမှာ ပြည်တွင်းပြည်ပမှစေတနာရှင်များရဲ့ လှူဒါန်းမှုပမာဏ များပြားလှပါတယ်။ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ လေယာဉ်စင်းရေ ခေါက် ၂၂၀ ဖြင့် ပစ္စည်းတန်ချိန်၃၂၇၃ ဒသမ ၂၀ ကို ယနေ့အထိ ပေးပို့လှူဒါန်းကြတဲ့တွက် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။လှူဒါန်းတဲ့ပစ္စည်းများကိုလည်း ဒုက္ခသည်များထံသို့အရောက် စက်လှေ၊သင်္ဘော၊ရဟတ်ယာဉ်တို့ဖြင့် ချက်ချင်းဖြန့်ဝေပို့ဆောင်ပေးခဲ့ပါတယ်။စီမံဆောင်ရွက်
ဒုက္ခသည်များမှာ စားရေးနှင့် ၀တ်ရေးအတွက် အဆင်ပြေမှုရှိသော်လည်း လောလောဆယ်ပြဿနာမှာ မုတ်သုံမိုးရာသီ ရောက်လာပြီဖြစ်၍ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် အမိုးအကာအောက်မှာ ထားရှိရေးတွက် တဲများအလျင်အမြန်ဆောက်လုပ်ပေးနေပါတယ်။ပြည်တွင်းမှရနိုင်သည့် သစ်ဝါးများဖြင့် တဲဆောက်ပြီး တာပေါ်လင်၊ပလတ်စတစ်များဖြင့် ယာယီ မိုးကာပေးထားပါတယ်။ပြည်တွင်း၊ပြည်ပမှလှူဒါန်းသည့် မိုးကာများ၊တာပေါ်စလင်များ၊ပလတ်စတစ်များဖြင့် အမိုးအကာများကို စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။အရေးပေါ်ကယ်ဆယ်ရေး
ကယ်ဆယ်၊ကူညီ၊စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ကနဦးချက်ချင်းကျပ်ငွေ ငါးဘီလီယံသုံးစွဲခဲ့ပြီး ယခုအချိန်အထိ ကျပ်ငွေ၇၀ ဘီလီယံခန့် သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ကုလသမဂ္ဂနှင့် ယင်း၏ အေဂျင်စီများကလည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ကူညီရေး၊ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောလျင်စွာနှင့် ထိရောက်စွာကူညီပေးနေတဲ့တွက် အထွေထွေအတွင်းရေးမှူးချုပ်ကိုလည်းများစွာကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ပြန်လည်တည်ဆောက်
ပထမအဆင့် ကူညီ၊ကယ်ဆယ်၊ယာယီနေရာချထားရေးအပိုင်းမှာ အတော်အသင့်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ ဒုတိယအဆင့်အနေနဲ့ ဒေသခံပြည်သူများရဲ့ စိုက်ပျိုးရေးလုပ်ငန်းများ၊ငါးဖမ်းလုပ်ငန်း၊ဆားချက်တဲ့ လုပ်ငန်းများ၊နေအိမ်များ၊ကျောင်းများ၊ဆေးခန်းများ ပြန်လည်ဆောက်လုပ်ပေးရန်နှင့် ၄င်းတို့ဘ၀ရပ်တည်နိုင်ရေးအတွက် ပျက်စီးဆုံးရှုံးသွားတဲ့ ကျွဲနွားများ၊ထွန်စက်ငယ်များ၊မျိုးစပါးများ၊ ငါးဖမ်းလှေများ၊ ငါးဖမ်းပိုက်များနှင့် ဆားဖိးအဆောက်အအုံများကို ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ဖြည့်ဆည်းပေး
ဒီဒေသဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအတွက်သာမက နိုင်ငံတကာ၏စားနပ်ရိပ်က္ခာကိုပါ ဖြည့်ဆည်းပေးနေတဲ့ နေရာဖြစ်ပါတယ်။မုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ခင်းများနှင့် လယ်မြေအချို့ ပျက်စီးသွားတဲ့အတွက် စပါးထုတ်လုပ်မှုလျော့သွားနိုင်ပါတယ်။မြန်မာနိုင်ငံအတွက် ဆန်စပါးဖူလုံမှုရှိသော်လည်း နိုင်ငံတကာသို့ ရိက္ခာဖြည့်ဆည်းပေးပို့ရာတွင် အားနည်းသွားမှာ ဖြစ်ပါတယ်။ဆန်စပါးလျော့နည်းသွားမှုကို ပြန်လည်ဖြည့်ဆည်းနိုင်ရန်တွက် တချို့နေရာများမှာ ဆန်စပါး ပိုမိုထွက်တိုးအောင် စိုက်ရပါမယ်။ ဒါ့ကြောင့် ဓါတ်မြေသြဇာ အများအပြားလိုပါတယ်။ ဒါ့အပြင် လယ်သမားများ ဆုံးရှုံးသွားတဲ့ ကျွဲ၊နွားများအစား လယ်ထွန်စက်အသေးစားများနှင့် စက်သုံးဆီများလည်း လိုအပ်ပါတယ်။များစွာအကျိုးရှိ
ပြန်လည်ထူထောင်ရေးအပိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ အစိုးရပိုင် အဆောက်အအုံများကိုလည်း ပြန်လည်တည်ဆောက် သွားရပါမယ်။ မိမိတို့ ပြည်တွင်းမှာ၊ သစ်၊ ၀ါး၊ ဘိလပ်မြေ၊ ကျောက်၊ သဲ စသည့် ဆောက်လုပ်ရေး ပစ္စည်းများ နဲ့ကျွမ်းကျင်သည့် ဆောက်လုပ်ရေးလုပ်သားများ၊လုပ်ငန်းရှင်များ အများအပြားရှိပါတယ်။ယခုအခါ မုန်တိုင်းဒဏ်ခံရသည့်ဒေသများအတွင်းသို့ ဆောက်လုပ်ရေးလုပ်သားပေါင်း ၆၅၈၅ ဦးခန့် ၀င်ရောက်ပြီး အဆောက်အအုံများကို ပြင်ဆင်ဆောက်လုပ်လျက်ရှိနေပြီ ဖြစ်ပါတယ်။မိမိတို့ လိုအပ်ချက်ဟာ သွပ်နဲ့ သွပ်သံတို့ဖြစ်ပါတယ်။ဒီလိုအပ်ချက်ကို ဖြည့်ဆည်း ကူညီပေးမည်ဆိုပါက လေဘေးဒုက္ခသည်များအတွက် များစွာအကျိုးရှိစေမှာ ဖြစ်ပါတယ်။
အင်တိုက်အားတိုက်
ယခုကဲ့သို့ ကယ်ဆယ်ရေး၊ကူညီထောက်ပံ့ရေး၊နေရာချထားပေးရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရ၊ပြည်သူနဲ့ တပ်မတော်တို့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ရာမှ အောင်မြင်မည်ဆိုတဲ့ နိုင်ငံတော်ရဲ့မူဝါဒနဲ့အညီ နိုင်ငံတော်မှဦးဆောင်ပြီး ပြည်သူများ၊စီးပွားရေးလုပ်ငန်းရှင်များ၊တပ်မတော်သားများ၊ရဲတပ်ဖွဲ့များ၊ကြက်ခြေနီ၊မီးသတ်အပါအ၀င် လူမှုရေး
အဖွဲ့အစည်းများ၊နိုင်ငံတကာမှ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ ပါဝင်ပူးပေါင်းပြီး လေဘေးသင့်ဒဏ်ခံရသည့် ဒေသများအား ပုံမှန်အခြေနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ခွင့်ပြုပေး
မိမိတို့ရဲ့ ဆောင်ရွက်နေတဲ့ ဒီလုပ်ငန်းစဉ်ကြီးမှာ ပြည်ပမှ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို စေတနာသန့်သန့်ဖြင့် နိုင်ငံရေးပယောဂများ၊နှောင်ကြိုးများမပါဘဲ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်စွာဖြင့် လက်ခံကြိုဆိုလျက်ရှိပါတယ်။မြန်မာနိုင်ငံ လေဘေးဒုက္ခ ကျရောက်ခံစားရသူများအတွက် ထောက်ပံ့ကူညီပေးမည့်ပစ္စည်းများကို ပေးပို့ကူညီမည်ဆိုပါက မိမိတို့အနေဖြင့် ကုန်းကြောင်းလမ်း၊ရေကြောင်းလမ်း၊လေကြောင်းလမ်း၊လေကြောင်းလမ်းတို့မှတ်တစ်ဆင့် ၀င်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။သို့သော်လည်း ရေကြောင်းလမ်းမှ ပေးပို့ကူညီလိုသည့် ပစ္စည်းများအတွက် အရပ်ဘက်သင်္ဘောဖြင့်သာလျှင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ကြရန်ဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။ထောက်ပံ့ကူညီရေးပစ္စည်းများ အခြေချစုပုံနိုင်ရန် ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်သင်္ဘောဆိပ်ကမ်းရှိ ကုန်လှောင်ရုံများကို သယ်ယူပို့ဆောင်ရေးဗဟိုအဖြစ် အသုံးပြုခွင့်ပေးသွားမှာဖြစ်ပြီး ၄င်းတို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပေးပို့ရေးကိုလည်း မိမိတို့အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလိုတဲ့အဖွဲ့များကိုလည်း လုပ်ငန်းပမာဏနဲ့ဦးစားပေးအလိုက် ၀င်ရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။မြို့နယ်အလိုက် သီးခြားစီဆောင်ရွက်မည်ဆိုပါက ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု
လေဘေးဒုက္ခကြုံတွေ့ရတဲ့အခါ နောက်ဆက်တွဲ ဖြစ်ပွားလာတတ်တဲ့ ရောဂါများ မဖြစ်ပွားစေရအောင် အိမ်နီးချင်းနိုင်ငံများ၊တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံနိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊လာအိုနှင့် စင်ကာပူနိုင်ငံတို့မှ ဆေးအဖွဲ့များ စေလွှတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လာရောက်ကူညီပေးတဲ့တွက် ၄င်းနိုင်ငံများအား အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်စေလွှတ်မယ့် ဆေးအဖွဲ့များကိုလည်း ဟန်ချက်ညီ စနစ်တကျလက်ခံသွားမှာ ဖြစ်ပါတယ်။
ဖန်တီးတည်ဆောက်
နိဂုံးချုပ်အနေဖြင့် ဤဒေသမှာ နောင်အလားတူမုန်တိုင်းမျိုး ၀င်ရောက်လခဲ့လျှင် သေကျေပျက်စီးမှု နည်းနိုင်သမျှနည်းအောင် ကာကွယ်ရန် တာရိုးများမြှင့်တင်ပေးခြင်း၊ကုန်းမြင့်များ ဖန်တီးတည်ဆောက်ပေးခြင်း၊ရွှံနွံများဖြတ်၍ ရွာချင်းဆက်လမ်းများ၊ဖောက်လုပ်ခြင်းတို့အပြင် အခြားလိုအပ်ချက်များ ပြုလုပ်ပေးနိုင်ရန်တွက် ကျွမ်းကျင်သည့်နည်းပညာရှင်များနှင့် စေတနာရှင်များအားဖိတ်ခေါ်ပါတယ်။အဆွေတော်တို့မှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် နောင်အလားတူမုန်တိုင်းမျိုး ကြုံတွေ့လာပါက ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment