Friday, June 13, 2008

ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာအုပ်စု ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မြင်ကွင်း







မိမိတို့သတင်းအဖွဲ့ဝင်များသည် မုန်တိုင်းဒဏ်သင့် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာအုပ်စု ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို စာဖတ်ပရိတ်သတ်များထံ တင်ပြနိုင်ရန် ဇွန်၈ရက် နံနက်ပိုင်းတွင် တိုးမြစ်၏ရေဆန်၊ လေဆန်ခရီးကို စက်တပ်ပဲ့ထောင်လှေဖြင့် အန်တုဖြတ်သန်းခဲ့ကြသည်။
ရာသီဥတုကား ပြိုတော့မည့်မိုးနှယ် အုံ့အုံ့ဆိုင်းဆိုင်း၊ မှိုင်းမှိုင်းညို့ညို့ တစ်ချက်တစ်ချက် တိုက်ခတ်သည့် ထန်ပြင်းမာန်ပြင်းသော လေပြင်းတို့ကြောင့် မြစ်ကြောင်းတစ်လျှောက် လှိုင်းကြက်ခွပ်များသည် လှိုင်းငယ်များအဖြစ်သို့ မကြာခဏကူးပြောင်းနေသည်။ သို့သော် မြစ်ကြောင်းတစ်လျှောက်တွင် ပရိယေသနဝမ်းစာအတွက် ပိုက်ချနေသော လှေငယ်များ၊ ငါးဖမ်းပိုက်ကြီး၊ ပိုက်ငယ်များဖြင့် လုပ်ငန်းခွင်ဝင် ရေလုပ်သားကြီးများကို တွေ့မြင်နေရသည်။
ဆူးကလပ်ကျေးရွာအုပ်စုသို့ ရောက်ရှိနေသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ အိမ်ထောင်စု၆၄၂စုတို့အတွက် ခြင်ထောင်၊ စောင်၊ တာပေါ်လင်၊ အမိုးနှင့် သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပဝါ၊ တီရှပ်တို့ကို လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ပံ့ပိုးဝေငှပေးနေသည့်မြင်ကွင်းက ဆီးကြိုနေသည်။ ထောက်ပံ့ရေးပစ္စည်းများကို တနင့်တပိုးသယ်ပိုးနေကြသော လေဘေးသင့်ပြည်သူများ၏ မျက်နှာများကား ဝမ်းသာပီတိဖြစ်မှုတို့ဖြင့် အထင်အရှား။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆူးကလပ်ကျေးရွာအုပ်စုအပြင် ကျေးရွာအုပ်စုပေါင်း ၁၃အုပ်စုမှ အိမ်ထောင်စု ၆၂၀၀တို့အတွက်လည်း အထက်ပါထောက်ပံ့ရေးပစ္စည်းများအတိုင်း ပေးဝေညပီးဖြစ်ကြောင်း သိရသည်။ အလားတူ နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပမှ လှူဒါန်းသောဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အသားတု၊ သကြားလုံး၊ ဘီစကွတ်၊ ချောကလက်၊ ကော်ဖီမစ်၊ ပုဆိုး၊ အင်္ကျီ၊ စောင်၊ ခြင်ထောင်၊ တာပေါ်လင်၊ ဇလုံ၊ ဒန်အိုး၊ ရေပုံး၊ ပေါက်တူးနှင့် ရွက်ဖျင်တဲများကို ဆူးကလပ်ကျေးရွာမှ အိမ်ထောင်စု ၃၉၃စု၊ ကျေးရွာအုပ်စုအောက်ရှိ ကျေးရွာခုနှစ်ရွာရှိ အိမ်ထောင်စု ၆၄၂စုတို့မှ လေဘေးသင့်ပြည်သူများထံ ပေးအပ်ဝေငှပြီးဖြစ်ကြောင်း သိရသည်။
ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးအောင်ကျော်စိုးဦးက လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ "ကျေးရွာအတွင်း လယ်မြေဧက၁၀၆၂ဧကရှိကြောင်း၊ ယခု ၂၀၀၈-၂၀၀၉ ခုနှစ် မိုးစပါးရာသီချိန်အတွင်း အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်က လယ်ယာ(၂၂)ထွန်စက်များ၊ ကျွဲများ၊ မျိုးစပါးများ၊ လယ်ယာသုံးကိရိယာများစသဖြင့် ပေးပို့ထားပြီးဖြစ်ကြောင်း၊ ရေလုပ်သားကြီးများလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်တာဝန်ရှိသူများက စာရင်းကောက်ယူလျက်ရှိကြောင်း"ဖြင့် ရှင်းပြသည်။
္ကဤသည်တို့မှာ နိုင်ငံတော်အစိုးရက လေဘေးသင့်ပြည်သူများအား ဟင်းစားသာမက ကွန်ချက်ပါ ပြသပေးသည့် ပြယုဂ်တစ်ခုဟုပင် ဆိုရချိမ့်မည်။
ယင်းနောက်မိမိတို့သတင်းအဖွဲ့ဝင်များသည် ကျေးရွာရှိမဟာဗောဓိရာမကျောင်းတိုက်သို့ သွားရောက်၍ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသနှင့် သစ်ဆိမ့်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘဒ္ဒန္တဣန္ဒကတို့အား ဖူးမြော်ကြည်ညိုကြရာ ဆရာတော်ကြီးများက '' စေတနာရှင်ပြည်သူနှင့် ဒါယာကာ၊ ဒါယာကာများ လာရောက်လှူဒါန်းသော ဆန်နှင့် စားသောက်ဖွယ်ရာများ၊ မုန့်ပဲသရေစာများ၊ သောက်ရေဘူးများ၊ အဝတ်အထည်နှင့် အိုးခွက်ပန်းကန် အသုံးအဆောင်များကို စနစ်တကျပေးအပ်ဝေငှခဲ့ကြောင်း" ဖြင့် မိန့်ကြားသည်။
တဆက်တည်းမှာပင် ဆက်လက်မိန့်ကြားသည်မှာ '' ဇွန် ၇ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်အောင်မင်းကလည်း သစ်ဆိမ့်ကျောင်းတိုက်သို့ သွပ်အချပ်ရေ ၁၀၀နှင့် နဝကမ္မ အလှူငွေ ကျပ်သုံးသိန်း၊ မဟာဗောဓိရာမကျောင်းတိုက်သို့ သွပ်အချပ်ရေ ၅၀နှင့် နဝကမ္မအလှူငွေ ကျပ်တစ်သိန်းတို့ကို လှူဒါန်းခဲကြောင်း''ဖြင့်ဆက်လက်မိန့်ကြားသည်။
ဘေးမှရပ်မိရပ်ဖတစ်ဦးက '' ကျေးလက်ကျန်းမာရေးဌာနအတွက်လည်း ဝန်ကြီးက သွပ်အချပ်ရေ ၁၂၀ ကိုပေးအပ်ခဲ့ပါတယ် '' ဟု ဖြည့်စွက်ပြောကြားသည်။
မိမိတို့သတင်းအဖွဲ့ဝင်များဆူးကလပ်ကျေးရွာမှပြန်လည်ထွက်ခွာလာရာ ညနေစောင်းလုပြီ။အပြန်ခရီးစဉ်တွင်လည်း ရေဆန်လေဆန်ပင်။ သို့သော် သတင်းသမားများပီပီ ရည်မှန်းချက်သို့ နိုင်ငံတော်နှင့်ပြည်သူအတွက် မရောက် ရောက်အောင် ကြံ့ခိုက်သောဇွဲ၊ စိတ်ဓာတ်တို့ဖြင့် ခရီးနှင်ရပါဦးမည်။ ။

No comments: