နံနက်ခင်းအလင်းရောင်ပျိုးစမှာပင် စက်လှေဖြင့် ဒေါင်းရေကျော်ရွာသို့ ထွက်ခဲ့သည်။ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးလက်စာသင်ကျောင်းအခြေအနေကို ကိုယ်တိုင်မြင်တွေ့သိရှိရန် ဖြစ်သည်။ ရေပြင်ကိုရှပ်တိုက် ခုတ်မောင်းလာသော စက်လှေပေါ်မှနေ၍ မြစ်ကမ်းဘက်မြင်ကွင်းများကို ကြည့်လာရာ ထွန်တုံးတပ် ကျွဲနှင့်နွားများအား မောင်နှင်လာသူများကို မြင်တွေ့ရသည်။ လယ်ယာလုပ်ငန်းခွင်ဝင်ရန် သွားနေသူ လယ်သမားပင်ဖြစ်မည်။
အချိန်အတန်ကြာသော် ချာင်းတက်တစ်ခုအတွင်း စက်လှေကို ကွေ့ဝင်လိုက်ရာ ဒေါင်းရေကျော်ရွာအား ဘွားခနဲ မြင်တွေ့လိုက်ရသည်။ ချောင်းကမ်းနံဘေးတစ်လျှောက် အစီအရီဆောက်လုပ်ထားသော နေအိမ်များ၊ တာပေါ်လင်စများမိုးထားသည့် နေအိမ်များကိုမြင်တွေ့ရသည်။ စက်လှေဆိုက်ကပ်ပြီး ကမ်းပေါ်တက်လိုက်သည်နှင့် "ဒေါင်းရေကျော် မူလတန်းကျောင်း" ဆိုသည့် ဆိုင်းဘုတ်ကို အထင်သား မြင်တွေ့လိုက်ရသည်။ စာသင်ကျောင်းမှာ ပြိုပျက်ခဲ့ခြင်း ဖြစ်ပုံမရ၊ သို့သော်အမိုးသွပ်များကား အသစ်ဖြစ်နေသည်။ ကျောင်းအတွင်း ကလေးငယ်များ စာအံသံကို ကြားနေရသည်။
ကျောင်းအပေါ်သို့ရောက်ရာ ကလေးငယ်များ အတန်းပြည့်စာသင်နေကြသည်ကို တွေ့ရသည်။ စာအံကြ၊ စာရေးကြနှင့် ဆရာမများသင်ကြားနေသည်ကို နားထောင်နေကြသည့် ကလေးငယ်များမှာ တကယ့်အပြစ်ကင်းသည့် အရွယ်များပင်ဖြစ်သည်။ ဒေါင်းရေကျော်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက "ဒီကျောင်းလဲ လေဘေးဒဏ်ခံခဲ့ရတာပါပဲ။ အမိုးတွေ အကုန်ပွင့်ထွက်သွားတယ်။ အခုသွပ်အချက် ၉၀ရပြီး ပြန်မိုးထားပါတယ်။ ကျောင်းသူကျောင်းသား ၈၅ဦးကျောင်းတက်နေပြီး ဇွန်၎ရက်ကတည်းက ကျောင်းဖွင့်၍ စာသင်နေပါတယ်" ဟုရှင်းပြသည်။ သပ်သပ်ရပ်ရပ်နှင့် စနစ်တကျရှိသော စာသင်ကျောင်းကိုကြည့်ကာ နောက်တစ်ရွာသို့ စက်လှေဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။
ကျွဲခြံမြစ်ကို စက်လှေဖြတ်သန်းသောအခါ မြစ်ကပိုကျယ်လာသည်။ လေတိုက်ပြီး မိုးပါရွာလာသဖြင့် စက်လှေကို ဖြည်းဖြည်းထိန်းပြီး မောင်းနှင်ရသည်။ မိုးကားပတ်ဝန်းကျင်ကို လှမ်းကြည့်၍မရအောင် ခပ်သည်းသည်း ရွာနေသဖြင့် စက်လှေကို ကမ်းနားကပ်ခါ မောင်းနှင်ရသည်။ စက်လှေရပ်သွားသဖြင့် ကြည့်လိုက်ရာ ကျွဲခြံဝရွာရှိ နီးစပ်ရာကမ်းစပ်ကို ထိုးကပ်ရပ်လိုက်ခြင်းဖြစ်သည်။ မိုးစဲသည်အထိ ခေတ္တစောင့်ပြီး ကျွဲခြံဝမူလတန်းကျောင်းသို့ ထွက်လာခဲ့သည်။ ရွာလမ်းတစ်လျှောက် ဝဲယာတွင် နေအိမ်များ ပြန်လည်တည်ဆောက်ပြီး ဖြစ်နေသည်ကို တွေ့ရသည်။ ကျွဲခြံဝရွာသည် သင်းဖြူးဖျာရက်လုပ်သောရွာ ဖြစ်ပြီး ထိုလုပ်ငန်းဖြင့် ရွာသားအတော်များများ အသက်မွေးဝမ်းကျာင်း ပြုကြသည်ကို တွေ့ရသည်။
ကျွဲခြံဝမူလတန်းကျောင်းမှာ သွပ်မိုး၊ ပျဉ်ထောင်ဖြစ်သည်။ ကျောင်းပေါ်သို့တက်လိုက်ရာ စာသင်နေသော ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို တွေ့ရသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာသန့်နှင့် တွေ့ဆုံကာ ကျောင်းပြန်လည်ပြုပြင်မှုနှင့် စာသင်ကြားနေမှုများကို မေးမြန်းရာ "လေဘေးဒဏ်ကြောင့် အမိုးတွေအကုန်ပွင့်ထွက်သွားတယ်။ သွပ်၁၃၄ချပ်နဲ့ သွပ်သံတွေရရှိပြီး ကျောင်းကို ပြန်မိုးထားတာမို့ ပုံမှန်စာသင်ကြားနိုင်တာပေါ့။ ဇွန်၆ရက်ကစပြီး ကျောင်းပြန်ဖွင့်စာသင်နေတာပါ။ ကျောင်းသူကျောင်းသား ၁၁၅ဦးရှိပါတယ်။ မနှစ်ကထက် ပိုများတယ်" ဟုဖြေကြားသည်။
ထို့နောက် စတုတ္ထတန်း၌ စာသင်ကြားနေသော ကျောင်းသူလေးတစ်ဦးကို မေးမြန်းရာ "သမီးနာမည်က မနွယ်နွယ်ဝင်းပါ။ သမီးတို့ကျောင်းတက်နေတာ ၁၀ရက်လောက်ရှိနေပြီ။ ဆရာမတွေက နှစ်စကတည်းက စာတွေသင်ပြီး မေးနေလို့ သမီးတို့စာတွေ ကျက်နေရပါပြီ" ဟုဖြေကြားသည်။
ထို့နောက် ကျွဲခြံဝမူလတန်းကျောင်းမှ စက်လှေဖြင့် နောက်ထပ်တစ်ရွာဖြစ်သည့် ထီယာလိရွာသို့ ဆက်လက်ထွက်ခွာခဲ့သည်။ ထီယာလိရွာသည် ကျွဲခြံဝရွာမှ နာရီဝက်ခန့် စက်လှေဖြင့် သွားရသည်။ မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသဖြင့် စက်လှေဆိုက်ကပ်ပြီး တက်လိုက်သည်နှင့် ရွာလယ်သို့ ရောက်ရှိလေသည်။ ထီယာလိကျေးရွာ စာသင်ကျောင်းမှာ တွဲဖက်အလယ်တန်းကျောင်းဖြစ်သည်။ ကျောင်းဆောင်များမှာ လေဘေးဒဏ် ဆိုးဆိုးရွားရွား ခံထားရသဖြင့် အချို့စာသင်ဆောင်များ အမိုးပွင့်ပြီး တွဲဖက်အလယ်တန်းကျောင်းဆောင်မှာ ပြိုကျသွားခဲ့သည်။ ထို့ကြောင့် မူလတန်းကျောင်းဆောင်အတွင်း မူလတန်းကျောင်းသားများ စာသင်နေကြသလို အလယ်တန်းကျောင်းသားများက ယာယီရွက်ဖျင် စာသင်တဲများနှင့် စာသင်နေကြသည်ကို တွေ့ရသည်။
ထို့ကြောင့်စာသင်နေသော ထီယာလိမူလတန်းကျောင်းမှ ဆရာဦးဌေးလှိုင် (လယ်ပြ/မူ) နှင့်တွေ့ဆုံမေးမြန်းရာ "ဒီကျောင်းမှာအခု မူလတန်းကျောင်းသူ ကျောင်းသား ၁၇၇ဦးနဲ့ အလယ်တန်းကျောင်းသူကျောင်းသား ၇၅ဦးရှိပါတယ်။ ကျောင်းဖွင့်စာသင်နေတာလဲ အရှိန်ရနေပါပြီ။ ကျောင်းသားဦးရေ ထပ်တိုးဖို့တော့ရှိပါတယ်။ ကျောင်းပြင်ဆင်မှုတွေလည်း အမြန်ဆုံးပြုလုပ်နေပြီဖြစ်ပါတယ်။ မကြာမီ မူလစာသင်ဆောင်တွေမှာ စာသင်နိုင်တော့မှာပါ" ဟုပြောကြားသည်။ ထီယာလိကျေးရွာ စာသင်ကျောင်းမှာ သွပ်မိုး၊ အုပ်ကာအမျိုးအစား ဖြစ်ပြီးစာသင်ကျောင်းပုံစံက ခံ့ထည်သည်။ ထို့နောက်ကျောင်းသူကျောင်းသားများ စာသင်ကြားနေမှုကို လိုက်လံလေ့လာပြီး စက်လှေဆိပ်သို့ ပြန်ဆင်းခဲ့သည်။ ထီယာလိကျေးရွာမှ မော်လမြိုင်ကျွန်းမြို့သို့အပြန် စက်လှေပေါ်တွင် သွားရောက်လေ့လာခဲ့သည့် ကျေးရွာစာသင်ကျောင်းများမှ ကလေးငယ်များ၏ စာအံသံများကား နားထဲက မထွက်တော့ပါချေ။

No comments:
Post a Comment