Tuesday, June 17, 2008

လေဘေးသင့်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ကျရာကဏ္ဍမှ စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်ထိရောက်မှုရှိစေရေးအတွက် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများနှင့်အတူ လယ်ယာသုံးစက်ကိရိယာများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးလျက်ရှိသည်။ မြို့ပြ၊ ကျေးရွာများ ပြန်လည်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် သစ်ခွဲသားနှင့် သစ်လုံးတန်ချိန် တန်တစ်သောင်းကျော်ကို လေဘေးသင့်ဒေသများအရောက် ပံ့ပိုးဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် တောင်သူလယ်သမားကြီးများ မိုးရာသီအချိန်မီ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးအတွက် မျိုးစပါးနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးပို့လျက်ရှိရာ တောင်သူဦးကြီးများ လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
လေဘေးသင့်ဒေသတစ်ခုဖြစ်သည့် မော်လမြိုင်ကျွန်းမြို့ပေါ်တွင် ပျက်စီးသွားသော စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ လုပ်ငန်းများ ပြီးမြောက်အောင်မြင်လာပြီဖြစ်သည်။ မြို့ပေါ်နှင့်ကျေးရွာရှိ စာသင်ကျောင်းများအားလုံး ပြန်လည်ပြုပြင် ပြီးစီး၍ကျောင်းများ ပုံမှန်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ စာပေသင်ကြားလျက် ရှိနေကြပြီဖြစ်သည်။ အများသုံးတယ်လီဖုန်းများ ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် ဆက်သွယ်ရေးတိုင်များနှင့် ကြိုးများ ပြန်လည်ထူထောင်ဆက်သွယ်ပေးခဲ့သည့်အပြင် စီဒီအမ်အေတယ်လီဖုန်းများပါ တပ်ဆင်အသုံးပြုနေပြီဖြစ်၍ ဒေသတွင်းသာမက တစ်နိုင်ငံလုံးသို့ ပုံမှန်ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်သည်။ လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက်လည်း ဓာတ်တိုင်ထူခြင်း၊မီးကြိုးများသွယ်တန်းခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိရာ ၉၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။ အလားတူ ဘိုကလေးမြို့နယ်၌ ရုံးဌာနအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်မှု ရာနှုန်းပြည့် ပြင်ဆင်မွမ်းမံပြီးဖြစ်သကဲ့သို့ ဆက်သွယ်ရေးစနစ်လည်း ပုံမှန်လည်ပတ်နေပြီဖြစ်ရာ မြို့အင်္ဂါရပ်နှင့်အညီ စည်းကားလျက်ရှိသည်။
လေဘေးသင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်ကဦးဆောင်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဖော်ဆောင်လျက်ရှိရာ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်တိုအတွင်း တိုးတက်အောင်မြင်လာနေပြီဖြစ်သည်။ နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပြည်သူများက တိုင်းကျိုးပြည်ဆောင်လုပ်ငန်းများ၌ ကျရာကဏ္ဍမှ စွမ်းအားအပြည့်အဝပေးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် အဆိုပါဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: