Wednesday, July 9, 2008
ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံအားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်လျက်ရှိကြသော ပြည်ခိုင်ဖြိုးအသင်းဝင်များ
သတင်းအဖွဲ့များသည် မုန်တိုင်းသင့် ဒေသများအတွင်းနေရာအနှံ့ သတင်းလှည့်လည်ရယူခဲ့ကြသူများပီပီ နာဂစ်မုန်တိုင်း၏ ဖျက်ဆီးမှုစွမ်းအားကြီးမားမှုကြောင့် ရရှိခဲ့သည့်ဒဏ်ရာ ဒဏ်ချက်များကိုလည်းကောင်း၊နိုင်ငံတော်အစိုးရ၊ပြည်သူနှင့်တပ်မတော်တို့၏သမိုင်းတွင်လောက်သည့် ဆောင်ရွက်ချက်များကိုလည်းကောင်း အများတကာတို့ထက်ပို၍ ထဲထဲဝင်ဝင်တွေ့မြင်သိရှိခဲ့ပါသည်။
အလားတူပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းဝင်များ၏ အင်တိုက်အားတိုက်ဆောင်ရွက်နေမှုတို့ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ဒေးဒရဲမြို့သို့ ရောက်ခဲ့စဉ်က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင် တစ်ဦး၏ "ကျွန်တော်တို့အဖွဲ့မှာပါတဲ့အသင်းဝင်တွေဟာတောင်သူလယ်သမားတွေချည်းပဲဖြစ်ကြပါတယ်။လယ်ယာမြေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ကိုယ့်လယ်၊ကိုယ့်ယာတွေတောင် မထွန်ယက်နိုင်ကြဘဲ လေဘေးသင့်ပြည်သူတွေအတွက် ဒီမှာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်" ဟူသည့် စကားသံများကိုလည်း ယခုတိုင် ကြားယောင်မိနေဆဲဖြစ်ပါသည်။
အရေးကြီးတော့ သွေးနီးကြသည်၊အရေးကြုံတော့ သွေးဆုံကြသည့်နှယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသည် မုန်တိုင်းသင့် ဧရာဝတီ၏ ရင်ခွင်ဆီသို့ ပြေးဝင် အရောက်လှမ်းခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း လူငယ်ရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ် ၂၆၄ ဦးပါဝင်သောအဖွဲ့သည် လပွတ္တာမြို့နယ် လှိုင်းဘုန်း၊ပြင်စလူ၊ဆင်ခြေရာ၊စလူဆိပ်ကျေးရွာတို့နှင့် ဘိုကလေးမြို့နယ်ရှိ ကြိမ်ချောင်း၊စက်ဆန်းကျေးရွာတို့သို့ ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ကြပြီး
လေဘေးသင့်ဒေသရှိ ကျေးရွာများ၏ သန့်ရှင်းရေး၊ကျန်းမာရေးနှင့် ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြပါသည်။
ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းတို့မှ အသင်းဝင် လူငယ်များပါဝင်သော အဖွဲ့(၁)သည် လပွတ္တာမြို့နယ် လှိုင်းဘုန်းကျေးရွာတွင် အခြေပြု၍လည်းကောင်း၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ အသင်းဝင်လူငယ်များပါဝင်သော အဖွဲ့(၂)သည် လပွတ္တာမြို့နယ် ပြင်စလူမြို့တွင် အခြေပြု၍လည်းကောင်း၊ကချင်ပြည်နယ်၊မကွေးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှအသင်းဝင် လူငယ်များပါဝင်သော အဖွဲ့(၃) သည် လပွတ္တာမြို့နယ် ဆင်ခြေရာကျေးရွာတွင် လည်းကောင်း၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)ပဲခူးတိုင်း(အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းတို့မှအသင်းဝင်လူငယ်များပါဝင်သော အဖွဲ့(၄) သည် လပွတ္တာမြို့နယ် စလူကျေးရွာတွင် အခြေပြု၍လည်းကောင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊တနင်္သာရီတိုင်း၊ပဲခူးတိုင်း(အနောက်ပိုင်း)နှင့် ဧရာဝတီတိုင်းတို့မှ အသင်းဝင် လူငယ်များပါဝင်သော အဖွဲ့ (၅)သည် ဘိုကလေးမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် အခြေပြ၍လည်းကောင်း၊ကယားပြည်နယ်၊မန္တလေးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ အသင်းဝင်လူငယ်များပါဝင်သော အဖွဲ့(၆)သည် ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာတွင် အခြေပြု၍လည်းကောင်း ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိကြသည်ကိုတွေ့မြင်ခဲ့ရပါသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသွားလာနေထိုင်စားသောက်ရေးအတွက် စရိတ်စက အ၀၀ကို လည်းကောင်း၊အိုးခွက်ပန်းကန်များ၊စားနပ်ရိက္ခာအပြည့်အစုံနှင့် နေထိုင်ရေးအတွက် ရွက်ဖျင်တဲအလုံအလောက်ကိုလည်းကောင်း၊ရှေးဦးသူနာပြုသေတ္တာ၊ငါးမန်း၊လွှ၊ပေါက်ပြား၊ဓား၊တူ၊တူရွင်း၊ ရိုက်သံမျိုးစုံ၊သွပ်နန်းကြိုး၊ပလာယာ၊လူ ၁၀ ယောက်စီးပဲ့ထောင်လှေတစ်စင်း၊ဒီဇယ်နှင့်ဓာတ်ဆီ၊ အင်ဂျင်ဝိုင်တို့နှင့်စခန်းသုံးအထောက်အကူပြုပစ္စည်းများတို့ကိုလည်းကောင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
လောကတွင် ဖျက်သူလွယ်၍၊ပြုသူခက်သည်မှာ ဓမ္မတာပင်။ပျက်စီးမှု ပမာဏမှာကြီးမားများပြားသည့်အလျောက်ပြန်လည်ထူထောင်တည်ဆောက်သူတို့အတွက်လည်း ပြုဖွယ်ရာများက တစ်ပုံတစ်ပင်၊မကုန်နိုင်၊မခန်းနိုင်၊မရေတွက်နိုင်အောင်ရှိနေပေသည်။
လေဘေးသင့်ကျေးရွာ အသီးသီးတွင် အခြေပြု၍ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်လူငယ်များ၏ ယနေ့အထိ ဆောင်ရွက် ပြီးစီးခဲ့သည်တို့ကို လေ့လာကြည့်လျှင်ပင် ထင်ရှားပေါ်လွင်လှပေသည်။
အဖွဲ့(၁)သည် လှိုင်းဘုန်းကျေးရွာရှိ ကျောင်းသား၊ကျောင်းသူများအား စာပေဘာသာရပ်များ သင်ကြားပို့ချခြင်း၊ဘီးကုန်းကျေးရွာနေ လေဘေးသင့်ပြည်သူုများအား အ၀တ်အထည်များပေးအပ် လှူဒါန်းခြင်း၊လဲကျသစ်ပင်များကို ဖြတ်တောက်ရှင်းလင်းဖယ်ရှားခြင်း၊ဘုန်းကြီးကုန်းကျေးရွာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ယာယီစာသင်ဆောင် ဆောက်လုပ်ခြင်း၊ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ပတ်ဝန်းကျင်ကျေးရွာများရှိ ရေကန်များကို ရေချိုရရှိစေရန် တူးဖော်ဆယ်ယူပေးခြင်း၊လေဘေးသင့်ပြည်သူများအတွက် ရောက်ရှိလာသော ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူနေရာချပေးခြင်း၊နေအိမ်များ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပေးခြင်း၊လက်တွန်းထွန်စက်များဖြင့် လယ်ယာမြေများ ၀ိုင်းဝန်း ထွန်ယက်ပေးခြင်းစသည်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဖွဲ့(၂)သည် ပြင်စလူမြို့ဆေးရုံဝင်းအတွင်းနှင့် ပြင်စလူဝါးပိုးကုန်းလမ်း ရှင်းလင်းခြင်း၊လေယာဉ်ကွင်းရွာတွင် ကချင်ပြည်နယ်မှ ပေးပို့လှူဒါန်းသော အ၀တ်အထည်များ လက်ဝယ်အရောက်ဝေဌခြင်း၊ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ပြင်စလူမြို့ သန့်ရှင်းရေးနှင့် ရေကန်ဆယ်ယူခြင်း၊နိုင်ငံတော်နှင့် နိုင်ငံသားပိုင် ကုမ္ပဏီများမှ ရေလုပ်ငန်းရှင် ၁၀ ဦးအတွက် ထောက်ပံ့ပေးအပ်သော စက်တပ်လှေ ၁၀ စင်းနှင့် ငါးဖမ်းပိုက်များကို သယ်ဆောင်ပေးခြင်း၊ပြင်စလူမြို့ လေဘေးသင့်ကယ်ဆယ်ရေးစခန်းတွင် ငါးခန်းတွဲ အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ရပ်ကွက်များအတွင်း ပြိုလဲကျနေသော သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဖွဲ့(၃)သည် ဆင်ခြေရာကျေုးရွာ၊သပြေကုန်းကျေးရွာအုပ်စု ကင်းကန်ကျေးရွာ၊ဒါနချောင်းကျေးရွာ၊ဥယျာဉ်ကုန်းကျေးရွာနှင့် အုံတုံကုန်းကျေးရွာတို့ရှိ သောက်သုံးရေကန်များကို ရေချိုရရှိရေးအတွက် တူးဖော်ဆယ်ယူခြင်း၊ရွာတွင်း၊ရွာပြင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ခြင်ဆေးဖျန်းခြင်း၊ပြိုလဲကျနေသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းဖယ်ရှားခြင်း၊ထိခိုက်ပြတ်ရှဒဏ်ရာ ရရှိလူနာများ၊သာမန်ဝမ်းလျှော ၀မ်းကိုက်လူနာ၊ တုပ်ကွေးဖျားနာ လူနာ၊အစာအိမ်ရောဂါ လူနာနှင့် ငါးနှစ်အောက်ကလေး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလူနာများအား နေ့စဉ်စောင့်ရှောက်မှုပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဖွဲ့(၄)သည် စလူဆိပ်ကျေးရွာ သောက်သုံးရေကန်ရှိ ရေဆင်းတံတားတည်ဆောက်ခြင်း၊သောက်သုံးရေကန်ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များနှင့် ပြိုလဲကျနေသော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားခြင်း၊ကျေးရွာအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ကျေးရွာအလယ်တန်းကျောင်းရှိ စာသင်ခုံများအား ပြန်လည်ပြုပြင်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ထုံးဖြူးခြင်းနှင့် ရွာဦးဘုန်းတော်ကြီးကျောင်း နံရံဆေးသုတ်ခြင်း၊လက်တွန်းထွန်စက်များဖြင့် လယ်ယာမြေများ ၀ိုင်းဝန်းထွန်ယာက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
လေဘေးသင့်ပြည်သူတို့၏ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရန်၊အေးချမ်းစေရန်နှင့် မုန်တိုင်းလွန်ကာလတွင် ယခင်ကထက်ပိုမိုသာလွန် ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် မိုးဦးလေဦးကာလများတွင် မြစ်ကြီးငါးသွယ်၊မြစ်ငယ်ငါးရာဟု တင်စားကြသည့် မြစ်ဝကျွန်းပေါ် တိုင်းဌာနီ ဧရာဝတ၏ မြစ်ချောင်းအင်းအိုင်များကြား၌ သွားလာနေထိုင်လျက်ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများ တွင် စွမ်းစွမ်းတမံအားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်လျက်ရှိကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်များအား ဂုဏ်ပြုအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment