မုန်တိုင်းကြောင့် မိဘနှစ်ပါး ဆုံးရှုံးသွားသည့် ကျောင်းသား၊ကျောင်းသူများအား မြန်မာနိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းက ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇွန် ၂၅ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး အဆောက်အအုံ ( IBC ) ၌ ကျင်းပရာ လပွတ္တာ၊ ဘိုကလေး၊ ဒေးဒရဲ၊ ၀ါးခယ်မ၊ မော်လမြိုင်ကျွန်းနှင့် တွံတေးမြို့နယ်တို့မှ အခြေခံပညာအဆင့်မှ ကျောင်းသား၊ကျောင်းသူ ၁၇၃ ဦးနှင့် အဆင့်မြင့် ပညာအဆင့်မှ ကျောင်းသား၊ ကျောင်းသူငါးဦး စုစုပေါင်း ၁၇၆ ဦးတို့အား အခြေခံပညာအဆင့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ဖြင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော် အစိုးရက ဖွင့်လှစ်ထားသည့် မြောင်းမြနှင့် မအူပင်မြို့နယ်တို့ရှိ အားမာန်သစ်သင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက် ထားသည့် ကျောင်းသား၊ကျောင်းသူပေါင်း ၉၀ အတွက် ပညာသင်ထောက်ပံ့ငွေကို လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဝင်း တက်ရောက်၍ လက်ခံသည်။ ရန်ကုန်တွင် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ပညာသင်ထောက်ပံ့ငွေကို လက်ခံခဲ့ကြသည်။
ယခုပညာသင် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲသို့ စင်ကာပူနိုင်ငံမှ Firefly Mission၊ မလေးရှားနိုင်ငံမှ United Sikh အဖွဲ့တို့က အလှူရှင်များ ပါဝင်လှူဒါန်းကြကြောင်း၊ အသင်းဥက္ကဌ ဦးမောင်မောင်စိုးတင့်က မိဘမဲ့ ကျောင်းသား၊ ကျောင်းသူများအား အသင်းအနေဖြင့် ဆက်လက်၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ မိဘမဲ့ကလေးများ အနေဖြင့် ၄င်းတို့အား ကြင်နာယုယသူများရှိသည်ကို သိရှိနှစ်သိမ့်သွားရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် လှူဒါန်းရာတွင် ပါဝင်လှူဒါန်းလိုသည့် စေတနာရှင်များအား ဖိတ်ခေါ်ပါကြောင်း ပြောကြားကာ ဆက်သွယ်လှူဒါန်းလိုပါက မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အသင်း A-2 ၊ စိမ်းလဲ့ရိပ်သာ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၅၄၂၃၄၉၊ ၅၃၆၇၅၆ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment