Friday, July 25, 2008

လမ်းပန်းခက်ခဲသော လေဘေးသင့်ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တို့ရှိ လေဘေးသင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ရက် တွင် ဧရာဝတီတိုင်း ကူးစက်ရောဂါ စုံစမ်းရေးအရာရှိ ဒေါက်တာခင်နန်းလုံ ဦးဆောင်၍ လက်ထောက် ကျန်းမာရေးမှူး သုံးဦးနှင့် ဖျာပုံမြို့နယ်မှ အခြေခံကျန်းမာရေး ၀န်ထမ်းများအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ လမ်းပန်း ခက်ခဲသော လေဘေးသင့်ကျေးရွာများသို့ စက်လှေများဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ လမ်းပန်းခက်ခဲသော နှာကြီးကျေးရွာနှင့် ရေကျော်ကြီးကျေးရွာများသို့ စက်လှေဖြင့် သွားရောက်၍ ရေကျော်ကြီး ကျေးရွာစာသင်ကျောင်း၌ ကလေးငယ်များအား သန်ချဆေးနှင့် သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကလေးငယ်များအား ဖွံ့ဖြိုးမှုတိုင်းတာ ပေးခြင်း၊ အာဟာရမုန့်များ ဖြန့်ဝေပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား စမ်းသပ်ပေးခြင်း၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်း၊ အားဆေးများ ဖြန့်ဝေပေးခြင်းအပြင် ထိခိုက်ရှနာ ဒဏ်ရာရသူများအား စမ်းသပ်ကုသပေးခြင်း၊ အထွေထွေရောဂါလူနာများအား စမ်းသပ်ကုသပေးခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားမှု ရှိ/မရှိ စုံစမ်းထောက်လှမ်းခြင်၊ ကျေးရွာနေပြည်သူများအား ကျန်းမာရေး ပညာပေးခြင်းများကို ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

No comments: