Monday, August 4, 2008

ကုန်စည်စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးမှု အကျိုးပြုမည့် သီပေါမြို့နယ်မှ ဒုဋ္ဌ၀တီမြစ်ကူးတံတားကြီး

မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် သီပေါမြို့တည်ရှိပါသည်။ သီပေါမြို့၌ ဒုဋ္ဌ၀တီမြစ်က အရှေ့မြောက်ဘက်နှင့် တောင်ဘက်တို့မှ ၀န်းရံကွေ့ဝိုက်စီးဆင်းနေသည်။ လားရှိုး၊မူဆယ်ဘက်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဘက်သို့ သွားလိုလျှင် ဒုဋ္ဌ၀တီမြစ်ကို ဖြတ်ကူး၍ သွားရသည်။ ထို့အတွက်လိုအပ်သော ဒုဋ္ဌ၀တီမြစ်ကူး ဘေလီတံတား အမျိုးအစားကို ၁၉၄၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ တံတားဆောက်လုပ်၍ အသုံးပြုလာခဲ့စဉ် နှစ်၄၀ခန့်အကြာ ၁၁-၁၀-၈၆ ရက်နေ့တွင် ဒုဋ္ဌ၀တီမြစ်ရေကြီးစဉ် ၄င်းတံတားကြီး ရေထဲမျောပါးသွားခဲ့သည်။ အလယ်အုတ်ဘုတ်တိုင်ကြီး နှစ်ခုသာကျန်ရစ်သည်။ ၂၉-၁၀-၈၆ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းမှ ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်။ အရှည်ပေ ၄၇၀၊ အကျယ်၁၂ပေရှိပြီး ခံနိုင်ဝန်အားမှ တန်၃၀ဖြစ်သည်။
၁၉၈၈ခုနှစ်နောက်ပိုင်းမှ စ၍ဖွင့်လှစ်လိုက်သော ဈေးကွက်စီးပွားရေး စနစ်အရ ကုန်စည် စီးဆင်းမှုများ မြန်ဆန်သွက်လက်လာသည်။ လမ်းတံတား ဆက်သွယ်မှုများ အရေးပါလာသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုန်ပစ္စည်းများနှင့် မြန်မာ့ထွက်ကုန် မျိုးစုံတို့ကို သယ်ဆောင်၍ မော်တော်ယာဉ်မျိုးစုံတို့သည် ၄င်းတံတားပေါ်မှ အချိန်ပြည့်အစုန်အဆန် ဖြတ်သန်းမောင်းနှင်ခဲ့ကြသည်။ ထိုအခါ ၀န်၃၀ခံနိုင်ဝန်အားနှင့် မမျှတတော့ချေ ။ မကြာခဏတံတားပျက်စီးတတ်၍ အသေးစားပြင်ဆင်မှုများကို ပြုလုပ်ကာ အသုံးပြုခဲ့ကြသည်။ ထို့အပြင် ၂၀၀၈ခုနှစ်ဖေဖော်ဝါရီလဆန်းမှ စ၍တန်၃၀ထက်ပိုသော အတက်ကုန်ပစ္စည်းများကို သီပေါမြှို့အ၀င် အေးရှားဝေါလ်တိုးဂိတ်တွင် လည်းကောင်း၊ တန်၃၀ထက်ပိုသောအဆင်းကုန် ပစ္စည်းများကို စင့်အင်တံတား၏ ဟိုဘက်လားရှိုးမြို့နယ်တွင် လည်းကောင်း တဲ့ပြောင်းစေခဲ့သည်။ ထိုတဲ့ပြောင်းသယ်ဆောင်ခဲ့သော အတက်ကုန်များကို စင့်အင်တံတားအကျော်နှင့် အ ဆင်းကုန်များကို သီပေါ ဒုဋ္ဌ၀တီမြစ်ကူး အလွန်တိုးဂိတ်တို့တွင် အသီးသီးပြန်လည်တင်ဆောင် မောင်နှင်းသွားလာခဲ့ကြရသည်။
ထိုကဲ့သို့သော အခြေနေမှနေ၍ ပိုမိုအဆင်ပြေတော့မည့် သီပေါ ဒုဋ္ဌ၀တီမြစ်ကူတံတားသစ်ကြီးကို
၂၀၀၈ခုနှစ်မေလ၂ရက်နေ့မှ စတင်ဆောက်လုပ်နေပြီဖြစ်သည်။ အေးရှားဝေါ ကုမ္ပဏီလီမိတက် သံကူကွန်ကရစ်တံတား ဆောက်လုပ်ရေးစီမံကိန်း (မန္တလေး-လားရှိုး)မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။ ပေအရှည်၅၆၉ပေနှင့် အကျယ်၃၈ပေ (ဘေးနှစ်ဖက် လူသွားလမ်းပါ တံတားကြီး ) ဖြစ်သည်။ တင်နိုင်အား ကုန်အလေးချိန် တန်၆၀ဖြစ်ပြီး သံကူကွန်ကရစ်ဘုတ်တိုင်အုတ်မြစ် သံမဏိသံပေါင်တံတားကြီး ဖြစ်ပေသည်။ လက်ရှိအသုံးပြုနေသော ဘေလီတံတား ကြီး၏အရှေ့ဘက်၌ တည်ရှိသည်။
ဤသီပေါဒုဋ္ဌ၀တီ မြစ်ကူးတံတားသစ်ကြီးကို ၂၀၁၀ပြည့်နှစ်တွင် အပြီးတည်ဆောက်ဖွင့်လှစ်သွားနိုင်ရန် စီမံတည်ဆောက်နေကြောင်း ၊ အင်ဂျင်နီယာပိုင်း လုပ်သားပိုင်းနှင့် စက်ယန္တရားပိုင်းများဖြင့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုတံတားသစ်ကြီးပြီးစီးသွားပါက ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသဆက်သွယ်မှု လမ်းကြောင်းနှင့် မြန်မာ-တရုတ်ကုန်စည် စီးဆင်းမှုအပိုင်းများ၌ ပိုမိုလျင်မြန်သွက်လက်လာပြီး ဒေသဖွံ့ဖြိုးရေး အတွက်ပါ အကျိုးရှိလာမှာဖြစ်ကြောင်းဖြင့် တံတားဆောက်လုပ်ရေး စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာဦးမြင့်ဝေက ရှင်းလင်းပြောပြသည်။ သီပေါဒုဋ္ဌ၀တီ မြစ်ကူတံတားသစ်ကြီး တည်ဆောက်နေစဉ် မြစ်အရှေ့ဘက် မြို့ဟောင်းနှင့် မြစ်အနောက်ဘက် ဈေးရပ်အောက်ပိုင်းတို့တွင် ယာယီဗောတံတား ဆောက်လုပ်၍ ကုန်တင်ယာဉ်ကြီးများ ယခုကဲ့သို့ ကုန်ပြောင်းကုန်ကဲ့စရာ မလိုတော့ဘဲ ၄င်းဗောတံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်းသိရသည်။


No comments: