Tuesday, August 5, 2008

လေဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များအား ဂုဏ်ပြုပွဲကျင်းပ



ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့သော မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်၉နာရီတွင် မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ဒေသများသို့ သွားရောက်ကူညီခဲ့ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် ၂၂၅ဦး ကိုယ်စား မော်လမြိုင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဦးငွေရအားလည်းကောင်း၊ မွန်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၀၆ဦးကိုယ်စား ကြက်ခြေနီတပ်ရင်းမှ ဦးဇော်ဦးလွင်အား လည်းကောင်း၊ မွန်ပြည်နယ် အရန်မီးသတ်တပ်ဖွဲ့မှ အဖွဲ့ဝင် ၇၅ဦး ကိုယ်စား မော်လမြိုင်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဦးအေးမောင်အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဝတ်စုံ၄၀၆စုံကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းပြည်နယ်အလုပ်အမှုဆောင် ဦးမျိုးညွန့်က လေဘေးသင့်ဒေသများသို့ သွားရောက်ကူညီခဲ့ကြသော အတွေ့အကြုံများ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments: